ရှမ်း-ကရင်နီ အစပ် ဖယ်ခုံရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။
ရှမ်း – ကရင်နီအစပ်၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များက ပြော သည်။
ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဇူလိုင်လ ၁၈ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်၌ ဖယ်ခုံမြို့အခြစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၁၂၀) က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီး ထိမှန်သူနှင့် နီးစပ်သည့် CDM ကျောင်းဆရာမ တစ်ဦးက “သူတို့က မိုးဗြဲကို ထိုးတယ်ဆိုတော့ မရှောင်လည်း ရတယ်ထင်ပြီး နေနေကြတာပေါ့။ တကယ်လည်း အခုကျတဲ့ ရွာတွေဆို တိုက်ပွဲမဖြစ်ဘူးလေ။ လမ်းကြောင်း ကြိုရှင်းတယ် ပြောရအောင်လည်း သူတို့ ဖြတ်မယ့် နေရာလည်း မဟုတ်ဘူး။ တော်လှန်ရေးတပ် တွေလည်း မရှိဘူး။ သက်သက်မဲ့ကို လက်နက်ကြီး အတွဲလိုက် ပစ်တာ” ဟု ပြောသည်။
ဇွန်လ ၂ ရက်နေ့က စတင်ပြီး ဖယ်ခုံအင်း အရှေ့ဘက်ကမ်းသို့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်များ စစ်ကြောင်း ထိုးလာသဖြင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင် ခဲ့ရသော်လည်း အချို့မှာ ငွေကြေး အခက်အခဲအရ နေရပ်တွင်သာ ကျန်နေခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် ကျေးရွာအတွင်း ကျန်ရှိခဲ့သည့် ဒေသခံအများစုမှာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးမှုကြောင့် လက်ရှိတွင် ထပ်မံ တိမ်းရှောင်ရန်အတွက် လမ်းကြောင်းများ ပိတ်မိနေသည်ဟု ဆိုကြ သည်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်း တစ်လျှောက်တွင် စစ်ရေးလှုပ်ရှားနေသည့် NUG လက်အောက်ခံ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက “စစ်ကောင်စီက ဒေသခံတွေ ရှိတဲ့နေရာတွေကို ဗုံးကြဲတယ်။ လေကြောင်း ပစ်တယ်။ သူတို့ ရည်ရွယ်ချက်က ရှင်းပါတယ်။ မင်းတို့ တော်လှန်ရေးတပ်တွေ ရွာထဲ ရှိနေရင် မလုံခြုံဘူး။ ဒါကြောင့် ငါတို့ ထိန်းထားတဲ့ လွိုင်ကော်ကို လာနေပေါ့။ အဲလို ဖြစ်အောင် ခြောက်လှန့်တာပေါ့။ အခုဆို မိုးဗြဲလည်း သူတို့ ရပြီ လေ။ မိုးဗြဲ ပြန်လာနေစေချင်လည်း ပါမှပေါ့။ လူသားဒိုင်း လုပ်ချင်နေတာပါ” ဟု သုံးသပ် ပြောဆိုသည်။
အလားတူ ဇူလိုင် ၁၂ ရက်နေ့ကလည်း လွိုင်ကော်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၂၆၁) မှ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေး သည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ တွင် အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်း ခိုလှုံနေထိုင်သူများ က ပြောသည်။
စစ်ကောင်စီက လက်ရှိတွင် မိုးဗြဲ – ဖယ်ခုံ ပြည်ထောင်စု လမ်းမကြီးအား ထိန်းချုပ်ထားပြီး လွိုင်ကော်မြို့အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည် ဖြစ်ရာ လာမည့် ရက်ပိုင်းများအတွင်း ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနိုင် သဖြင့် ဒေသခံများ အမြန်ဆုံး တိမ်းရှောင်ကြရန် တော်လှန် ရေး တပ်ဖွဲ့ဝင်များက သတိပေးထားသည်။