ကယန်း အမျိုးသား တပ်မတော် KNA က စစ်ကော်မရှင် ရွေးကောက်ပွဲအား နည်းမျိုးစုံဖြင့် ဆန့်ကျင်သွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
ကယန်းအမျိုးသား တပ်မတော် (KNA) သည် စစ်ကော်မရှင်က ဦးဆောင် ကျင်းပမည့် ရွေးကောက်ပွဲအား နည်း မျိုးစုံသုံး၍ ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။
အဆိုပါ ရွေးကောက်ပွဲသည် ကယန်းလူထုနှင့် ကယန်းဒေသ၏ ဆန္ဒသဘောထားကို လုံးဝ ကိုယ်စားပြုမည် မဟုတ်ခြင်းကြောင့် ဟု ဆိုသည်။
KNA တာဝန်ရှိသူများ၏ ပြောကြားချက်အရ ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်တွင် တည်ရှိ သော ကယန်းဒေသသည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ကျေးလက်နယ်မြေ ဖြစ်သည့်အတွက် ဒေသခံ လူထု၏ ဆန္ဒနှင့်အညီ ရွေးကောက်ပွဲကို တစ်သားတည်း ဆန့်ကျင်ခြင်း ဖြစ်သည်။
လက်ရှိဒေသတွင်း အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းပါးကြောင်းနှင့် ဖြစ်လာခဲ့ပါကလည်း တရားဝင်မှု ရှိမည်မဟုတ်ကြောင်း KNA ၏ နိုင်ငံရေး ဦးဆောင်ကော်မတီဝင် ခွန်းရဲခေါင် က သုံးသပ် ပြောဆို သည်။
“ကယန်းဒေသ၊ ကယန်းကျေးရွာတွေမှာတော့ ရွေးကောက်ပွဲ ဖြစ်စရာအကြောင်း မရှိဘူး။ ဒါပေမယ့် လက် တလော အနေအထားအရ မိုးဗြဲဖယ်ခုံမှာကတော့ သူတို့ ထောက်တိုင်တွေ ဖြစ်တဲ့ အစိုးရဝန်ထမ်းတွေ သာလျှင် မဲပေးတဲ့ ပုံစံမျိုး ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါဟာ ကယန်းလူထုကို ကိုယ်စားပြုမှာ မဟုတ်သလို ကယန်း ဒေသကိုလည်း ကိုယ်စားမပြုဘူးလို့ ကျနော်တို့ ခံယူပါတယ်” ဟု ၎င်းက ပြောသည်။
ကယန်းဒေသ၌ ယခင်က ကယန်း အမျိုးသားပါတီ (KNP) တစ်ခုသာရှိခဲ့သော်လည်း စစ်ကော်မရှင် လက် အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် KNP အနေဖြင့် စစ်ကော်မရှင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း KNA က အတည်ပြုသည်။
စစ်အာဏာရှင်ကို အလုပ်အကျွေးပြုမည့် ကယန်းလူမျိုးများ အပေါ် ၎င်းတို့၏ သဘောထားကိုလည်း အောက်ပါ အတိုင်း ခွန်းရဲခေါင်က ပြတ်သားစွာ ပြောဆိုခဲ့သည်။
“ကျနော်တို့ ဒေသမှာက စစ်အာဏာရှင်လုပ်မယ့် ရွေးကောက်ပွဲကို အသိမှတ်မပြုသလို ကယန်းပါတီကလည်း ဝင်ရာက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ဒီထဲမှာ စစ်အာဏာရှင်ကို အလုပ်ကျွေးပြုတဲ့ ကယန်းလူမျိုး တစ်ဦးစ ၂ ဦးစ ပါကောင်း ပါနိုင်တယ်။ ဒါဟာ ကယန်းလူမျိုးကို ကိုယ်စားပြုတာမဟုတ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို ကိုယ် စားပြုတဲ့ အမျိုးသားရေး သစ္စာဖောက်တွေ အဖြစ် ကျနော်တို့ သဘောထားပါတယ်” ဟု ၎င်းက ဆက် ပြော သည်။
KNA အနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်နက်ကိုင်နည်း၊ အကြမ်းမဖက်နည်းများ အပါအဝင် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင်သွားမည်ဟု တာဝန်ရှိသူများက အခိုင်အမာ ပြောဆိုထားသည်။
ရွေးကောက်ပွဲကို တရားဝင်စွာ ကျင်းပနိုင်ရန်အတွက် ဒီမိုကရေစီစနစ်ကို အရင်ဆုံး ဖော်ဆောင်ရန် လိုအပ် ကြောင်း ခွန်းရဲခေါင်က တိုက်တွန်းထားသည်။
ပြည်သူ့လူထုက ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ၊ တော်လှန်ရေး အင်အားစုများနှင့် ညှိနှိုင်း တိုင်ပင်ပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။