ကြံ့ခိုင်ရေး နိုင်သော်လည်း ရွေးကောက်ပွဲတရားဝင်မှုမရှိဟု ဝေဖန်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။

စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က လွှတ်တော် နေရာအများစု အနိုင်ရသော်လည်း ရွေးကောက်မှာ တရားမျှတမှု မရှိကြောင်းနှင့် တရားဝင်မှု မရှိကြောင်း သတင်းအယ်ဒီတာများက ထောက်ပြသည်။ 

စစ်ကော်မရှင်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းပေါင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အမတ်နေရာအားလုံး၏ ၇၂ ရာခိုင်နှုန်းကို အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း Data for Myanmar (D4M) ၏ ဖေဖော်ဝါရီ ၈ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ လွှတ်တော်သုံးရပ်အတွက် ရွေးကောက်တင်မြှောက်ခဲ့သည့် ကိုယ်စားလှယ် ၁,၀၂၅ ဦးအနက် ကြံ့ခိုင်ရေးပါတီက ၇၃၉ ဦးအထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

သံလွင်တိုမ်း သတင်းဌာနက အယ်ဒီတာချုပ် ကိုကိုဇော်က နေရာတိုင်းမှာ ကြိုတင်မဲနဲ့ အနိုင်ယူတဲ့အပြင်ကို တစ်ဦးချင်းကို ခြိမ်းခြောက်မှုတွေနဲ့ မဲပေးခိုင်းတဲ့ အခြေအနေ မျိုးတွေ ရှိခဲ့တယ် ဟု ပြောသည်။

စစ်ကော်မရှင်ဘက်က မြို့နယ် ၆၁ မြို့နယ်၌ မဲပေးသူ ၅၆ ရာခိုင်နှုန်းကျော်ရှိခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင်မူ ပဋိပက္ခပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ရသည်။

ကန္တာရဝတီတိုင်း (မ်) သတင်းဌာနက သတင်းအယ်ဒီတာ နော်ဒွေးအယ်ခူ က ဒီရွေးကောက်ပွဲကို စိတ်အားထက် သန်စွာနဲ့ လူထုကနေ မဲပေးခဲ့တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ လူထုတွေက သွားတာတော့ မဟုတ်ဘူးပေါ့နော်။ ဖြစ်လာ မယ့် အကျိုးဆက်တွေကို လူထုတွေက စိုးရိမ်ကြောက်လန့်နေရာတာပေါ့နော်။ ဒီဒေသခံတစ်ယောက်နဲ့ ချိက် ဆက်မှု အရဆိုရင် မဲသွားပေးတယ်ပေါ့နော် သွားတဲ့အချိန်မှာ လူအများကြီးပေါ့နော်။ ဒီလောက်များ မယ်လို့ မထင်ဘူးပေါ့နော် သူက အဲ့လိုမျိုးပြောတယ် ဟု လွိုင်ကော်မြို့က အခြေအနေကို ပြောပြသည်။ 

နော်ဒွေးအယ်ခူက နောက် ဘာလို့ ကိုယ်တိုင်ကလည်း မဲ သွားပေးရလဲဆိုရင် အခုနကပြောသလို ဖိအားပေးမှု တွေ ကြောက်တယ်။ လူထုတွေက မဲရုံမှာ မြန်မြန်မဲသွားပေးပြီးရင် ပြီးသွားပြီပေါ့နော်။ ခနနေ နေမြင့်လို့မှ လက်နက်ကြီးတွေ ကျလာမလား ဒီလိုမျိုးတွေပေါ့နော်။ တော်လှန်ရေးဘက်ကလည်း သတိပေးမှုတွေ ရှိတယ် နော်။ အဲ့လိုပြောကြတယ်ဟု ဆက်ပြောသည်။ 

ရွေးကောက်ပွဲ ကျင်းပချိန်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဉ်ပေါင်း ၁၁၀ ကျော် ရှိခဲ့ပြီး မဲရုံများနှင့် ရွေးကောက်ပွဲရုံးများ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်။ 

ရွေးကောက်ပွဲကို လက်မခံသည့် ပြည်သူများကလည်း ‘အသံတိတ်သပိတ်’ များ ပြုလုပ်ခြင်း၊ မြို့နယ်အသီးသီး၌ ဆန့်ကျင်ဆန္ဒပြခြင်းများဖြင့် ကန့်ကွက်ခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း ယခုရွေးကောက်ပွဲ၏ နောက်ကွယ်၌ တရုတ်နိုင်ငံ၏ ကြီးမားသော တွန်းအားနှင့် ဖိအားများ ပါဝင်နေကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။ 

အထူးသဖြင့် တရုတ်နိုင်ငံ၏ One Belt One Road (BRI) စီမံကိန်းများနှင့် မြစ်ဆုံရေကာတာ စီမံကိန်းများကို ပြန်လည်အသက်သွင်းရန်အတွက် စစ်ကော်မရှင်အပေါ် ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေ ခြင်းဖြစ်သည်။

ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ်က စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကြည့်ရတာတော့ တရုတ်ပြည်က ထုတ်လုပ်တဲ့ ရွေးကောက်ပွဲလို့တောင် ပြောလို့ရတယ်။ ကျွန်မတို့ရဲ့ ကချင်ဒေသ မြစ်ဆုံ Dam ကို ပြန်လုပ်ဖို့ ဖိအားပေးနေတာတွေ၊ လူတွေလွှတ်နေ တာတွေ ရှိတယ်။ ဒါတွေက အလဲအလှယ်လုပ်တဲ့ ပုံစံမျိုး ဖြစ်နေလို့ Made in China Election လို့ ပြောလို့ ရတာပါ ဟု သုံးသပ်ပြောဆိုထားသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ဆိုနေသော်လည်း မြေပြင်အခြေအနေအရ လုံခြုံရေးစိန်ခေါ်မှုများ၊ လူထု၏ ကန့်ကွက်မှုများနှင့် နိုင်ငံတကာ၏ လက်မခံမှုများကြောင့် ဤရွေးကောက်ပွဲ၏ တရားဝင်မှုမှာ များစွာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း Data for Myanmar ၏ အစီရင်ခံစာက အကျဉ်းချုပ် ထောက်ပြထားပါသည်။