သံတွဲမြို့ကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သား ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ပေါ်ရှိ လူနေရပ်ကွက်တစ်ခု အတွင်းသို့ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စီးသည် သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်းသို့ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဦးအောင်သန်းလင်းနှင့် ဦးသက်အောင်တို့ ဒဏ်ရာရ ရှိခဲ့ပြီး၊ ဦးသက်အောင်မှာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်။
သံတွဲမြို့ခံတစ်ဦးက “ဗုံးက ဗိုလ်ချုပ်လမ်းနားက အိမ်တွေပေါ် တည့်တည့်ကျတာ။ အိမ်တွေတော်တော်ကို ပျက်စီးသွားတယ်။ ဒီနေ့က လေယာဉ်နဲ့ပါ ဝဲပြီးပစ်တာဆိုတော့ မြို့ခံတွေလည်း တော်တော်လေးကိုမှ လန့်သွား ကြတယ်။ မြို့ထဲမှာ လူတွေမနေရဲအောင် တမင်တကာ ခြောက်လှန့်နေတဲ့သဘောပဲ” ဟု ပြောသည်။
သံတွဲမြို့နယ်အတွင်းရှိ ငပလီမြို့တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် ကလေးငယ်များ အပါအဝင် ၉ ဦး သေဆုံးခဲ့ရပြီး၊ ရာစုနှစ်နှင့်ချီ သက်တမ်းရှိသည့် ရှေးဟောင်း နေအိမ် အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရဖူးသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ရခိုင်ပြည်အတွင်းက လက်လွှတ်လိုက်ရသည့် မြို့ရွာများကို ပြန်လည် သိမ်းပိုက် နိုင်ရန် လေကြောင်း အင်အားသာမက ရေတပ်သင်္ဘောများပေါ်မှပါ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
သံတွဲဒေသခံတစ်ဦးက “သူတို့က မြေပြင်မှာ စစ်ရှုံးနေတော့ လေယာဉ်နဲ့ရော၊ သင်္ဘောနဲ့ရော ပတ်ရမ်းနေတာ။ ဘယ်အချိန် ဗုံးကျလာမလဲဆိုတာကိုပဲ ထိုင်စောင့်နေရသလို ဖြစ်နေတယ်” ဟု ပြောသည်။
ယခုကဲ့သို့ သံတွဲမြို့ကို ပစ်မှတ်ထား တိုက်ခိုက်နေချိန်မှာပင် စစ်ကော်မရှင်တပ်သည် ရခိုင်ပြည် အတွင်းရှိ အခြား သော မြို့နယ်များကိုလည်း လေကြောင်းနှင့် ရေတပ်အင်အား အသုံးပြုကာ ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိ သည်။
ထို့ကြောင့် ရခိုင်တစ်ပြည်နယ်လုံးရှိ အရပ်သားပြည်သူများ အနေဖြင့် လုံခြုံရေးသတိ အမြဲရှိကြရန် အာရက္ခတပ် တော် (AA) က အထူးသတိပေး နှိုးဆော်ထားသည်။
ဓါတ်ပုံ – Arakan Princess Media