ရွေးကောက်ပွဲ ကျင်းပစဉ် မြို့အနီး ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
အပိုင်း (၃) ရွေးကောက်ပွဲ ကျင်းပနေသည့် အချိန်တွင် စစ်ကိုင်းတိုင်း ကနီမြို့ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မဲရုံဖွင့်၍ ရွေးကောက်ပွဲလုပ်နေစဉ် မြို့ပတ်လည်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။
ကနီမြို့နယ်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပနေသော် လည်း မြို့ပတ်လည်ရှိ ကျေးရွာများကိုမူ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ စစ်ကော်မရှင်တပ်သည် ကနီမြို့ပေါ်တွင် မဲရုံများဖွင့်လှစ်ထားသော်လည်း မြို့နှင့် ကပ်လျက်ရှိသည့် တဇယ်ချောင်၊ ကျန်းဖျား၊ စိန်ကုန်းနှင့် အလည်ကျွန်းစသည့် ကျေးရွာများကို မုံရွာနမခမှ တက်လာသည့် ပါရာမော်တာ (Paramotor) နှစ်စီးနှင့် ဂျိုင်အိုကော်ပရာ (Gyrocopter) တစ်စီးတို့ဖြင့် အနည်း ဆုံး သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတစ်ဦးက “မြို့ထဲကနေ လက်နက်ကြီးတွေနဲ့လည်း လှမ်းထုနေသလို လေကြောင်းကနေ ၁၂၀ မမ ဗုံးသီးတွေ ဆယ်လုံးထက်မနည်း လာချသွားပါတယ်။ သူတို့ အဓိကလုပ်နေတာက ရွေးကောက်ပွဲကို တော်လှန်ရေးတပ်တွေ လာတိုက်မှာ ကြောက်လို့ အကာအကွယ်ယူတဲ့ သဘောနဲ့ မြို့ပတ်လည်က ရွာတွေကို ကြိုတင်ပတ်ပစ်နေတာပါ” ဟု ပြောသည်။
ကနီမြို့ပေါ်တွင် မဲရုံသုံးရုံခန့် ဖွင့်လှစ်ထားသော်လည်း မဲလာပေးသူမရှိသလောက် နည်းပါးနေပြီး မဲရုံမှူး တစ်ဦး တည်းကသာ မဲရုံနှစ်ရုံကို တာဝန်ယူနေရသည့် အခြေအနေမျိုးဖြစ်နေကြောင်း မြေပြင်သတင်းရင်းမြစ်က ပြော သည်။
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များအတွက် ယှဉ်ပြိုင်သူမရှိဘဲ စစ်ကော်မရှင် လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ်များကသာ တစ်ဦးတည်း အမည်စာရင်းပေးထားသဖြင့် မဲမပေးခင်ကတည်းက အနိုင်ရရှိပြီးသား ဖြစ်နေသည်ဟု စောင့်ကြည့်သူများက ဆိုသည်။
ကနီမြို့ခံ အမျိုးသမီးတစ်ဦးက “မနက်ကတည်းက လေယာဉ်သံတွေကြားနေရတာ။ ဗုံးသံတွေကလည်း တုန်နေတာပဲ။ ကျမတို့မှာတော့ မဲပေးဖို့ဝေး လက်နက်ကြီးသံ၊ ဗုံးသံ၊ လေယာဉ်သံပဲ အာရုံစိုက်နေရတာ။ အသံကြားတာနဲ့ ပြေး ဗုံးခိုကျင်းထဲကို” ဟု ပြောသည်။
ကနီမြို့နယ်တွင် ကျေးရွာအုပ်စု ၄၅ အုပ်စုရှိသော်လည်း စစ်ကော်မရှင်သည် မြို့ပေါ်ရပ်ကွက် ၃ ခု၌သာ မဲပုံးထောင်နိုင်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ကနီမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပြီး ယနေ့တွင်လည်း မုံရွာအခြေစိုက် နမခမှ ပါရာမော်တာများ ကနီမြို့ပေါ်တွင် ဆက်လက်ပျံဝဲနေဆဲ ဖြစ်သည်။
ကနီမြို့သည် ၂၀၂၄ ခုနှစ် မတ်လအတွင်းက တော်လှန်ရေး ပူးပေါင်းတပ်များ၏ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခြင်း ခံခဲ့ရ ဖူးပြီး ၁၁ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ၄၇ ဦးအထိ သေဆုံးခဲ့ဖူးသည့် စစ်ရေးပြင်းထန်ရာ ဒေသတစ်ခုလည်း ဖြစ်သည်။
လက်ရှိတွင် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် ကနီနှင့် ဆားလင်းကြီးမြို့နယ်တို့၌ စစ်ရေးတင်းမာမှု များနှင့် အတူ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး ပုန်းအောင်းနေကြရသည်။