စစ်ကော်မရှင်၏ ဝါဒဖြန့်မှုများ နားမယောင်ရန် နိုင်ငံတကာကို တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
စစ်ကော်မရှင်၏ ဝါဒဖြန့်မှုများအပေါ် အခြေခံ၍ မြန်မာ့အရေးကို အဆုံးအဖြတ်မပေးရန် နိုင်ငံတကာ အသိုင်း အဝိုင်းကို တော်လှန်ရေးအင်အားစုများ တိုက်တွန်းလိုက်သည်။
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် လုပ်ဆောင်သည့် ဝါဒဖြန့်မှုသာဖြစ်ပြီး ယင်းအချက်အပေါ် အခြေခံ၍ မြန်မာ့အရေးကို အဆုံးအဖြတ်မပေးရန် တော်လှန်ရေး အင်အားစုများက နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းပြောဆိုလိုက်သည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကော်မရှင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ အပိုင်း ၃ ပိုင်းခွဲ၍ ရွေး ကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ထားချိန်တွင် တော်လှန်ရေး အင်အားစုများက မြေပြင်ပကတိ အခြေအနေကို ရှုမြင်ပေးရန် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ကရင်နီပြည်နယ် အင်အားစုကိုယ်စားလှယ် ခွန်းသောမတ်စ်က “နိုင်ငံတကာ အသိုင်းအဝိုင်းတွေကလည်း ကျနော် တို့ရဲ့ ပကတိ အခြေအနေကို မျှော်ကြည့်ပေးဖို့ လိုပါမယ်။ ကျနော်တို့ လူထုတွေရဲ့ အခြေအနေကို မျှော်ကြည့် ပေးဖို့ လိုမယ်ပေါ့နော်။ စစ်ကောင်စီရဲ့ မဟုတ်မမှန် ဝါဒဖြန့်မှုတွေကို ကြည့်ပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံကို ဆုံးဖြတ်လိုက်တာမျိုး၊ အဆုံးအဖြတ်တွေ ပေးတာမျိုးကတော့ မလုပ်သင့်ဘူးလို့ ကျနော်ယူဆတယ်” ဟု ပြော သည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲတွင် မဲပေးရန် ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေ ခြင်း ဖြစ်သည်။
ကရင်နီပြည်တွင် စစ်ဘေးရှောင်များ ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ်မည်ဟု အကျပ်ကိုင်နေသည့်အပြင်၊ တက္ကသိုလ် ကျောင်းသားများကိုလည်း ကြိုတင်မဲမပေးပါက ကျောင်းတက်ခွင့်မပေးဟု ဆိုကာ လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိသည်။
ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဒေါ်မူစဲက “ကရင်နီမှာ ကြည့်မယ်ဆိုလို့ရှိရင် စစ်ဘေးရှောင်တွေကို ပြန်မလာလို့ ရှိရင် နေအိမ်တွေ ချိတ်ပိတ်မယ်၊ ပြီးတော့မှ တော်လှန်ရေးအဖွဲ့နဲ့ တစ်ဖွဲ့တည်းလို့ သတ်မှတ်မယ်ဆိုတဲ့ အရာ တွေက ဒါက ခြိမ်းခြောက်မှု ဖြစ်တယ်။ ဒါသည် လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တယ်။ ဒီအတွက်ကြောင့်မို့လို့ ဒီရွေးကောက်ပွဲ အတုအယောင်ကို နိုင်ငံတကာက လက်မခံဖို့ လိုအပ်တယ်” ဟု ထောက်ပြသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ကြောင်း KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT-4 ပြောရေးဆိုခွင့်ရှိသူ ဦးဟိန်းထက်ကလည်း သတိပေးထားသည်။
“အကြမ်းဖက် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ဒီအကြမ်း ဖက် လုပ်ရပ်တွေ၊ ဒီမငြိမ်းချမ်းမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ဒါ ယုံကြည်နေကြတဲ့ နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း ဒါက အကြမ်းဖက်စစ်အုပ်စုရဲ့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကို ဖုံးဖိနိုင်ဖို့အတွက် ဒီလှည့်ဖျားတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်။ ဒီငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံရဲ့ လူ့ဘောင် အဖွဲ့ အစည်းကို တည်ဆောက်ဖို့တဲ့နေရာမှာ ဘယ်လိုမှ ဒီရွေးကောက်ပွဲက အဖြေမဟုတ်ဘူး ဆိုတာကို ကောင်းစွာ သိရှိနားလည်စေချင်တယ်။”
စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း၌ပင် အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများကို ဆက်တိုက်ကျူးလွန်နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ဦးဟိန်းထက်က “ဒီအကြမ်းဖက် စစ်အုပ်စုအနေနဲ့ သူ့ရဲ့ ဒီအကြမ်းဖက် သတ်ဖြတ်မှုတွေ အပါအဝင် သူ့ရဲ့ ရပ် တည်မှုအတွက်၊ သူ့ရဲ့ ကိုယ်ကျိုးအတွက်ဆိုရင် သေချာတာတစ်ခုကတော့ ဒီလိုမျိုး ဒီရွေးကောက်ပွဲကနေ တစ်ဆင့် အဖြေဟုတ်မနေဘဲနဲ့ ပြည်သူတွေကို ဆက်လက်ပြီးတော့ သတ်ဖြတ်မှုတွေကို လုပ်ဆောင်နေဦးမယ် ဆိုတဲ့ဟာကိုလည်း ကျနော်တို့ လက်ခံယုံကြည်ထားတယ်” ဟု ဆက်ပြောသည်။
တော်လှန်ရေး အင်အားစုများက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင်၏ လုပ်ရပ်များကို အသိ အမှတ် မပြုရန်နှင့် လက်ရှိ တော်လှန်ရေး အင်အားစုများ ဖော်ဆောင်နေသည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ကိုသာ အမြန်ဆုံး အသိအမှတ်ပြု ကူညီပေးကြရန် တောင်းဆိုထားသည်။