နိုင်ငံ ၆ နိုင်ငံမှ ရွေးကောက်ပွဲ စောင့်ကြည့်သူများ ရောက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
စစ်ကော်မရှင်က ကြီးမှူး ကျင်းပသည့် ရွေးကောက်ပွဲကို နိုင်ငံအများအပြားက စောင့်ကြည့်သူ စေလွှတ်ခြင်း မရှိခဲ့ပဲ နိုင်ငံ ၆ နိုင်ငံကသာ ရွေးကောက်ပွဲ စောင့်ကြည့်သူများ စေလွှတ်ခဲ့သည်ဟု ပြည်တွင်း သတင်းမီဒီယာ များက ထုတ်ပြန်သည်။
စောင့်ကြည့်သူ စေလွှတ်ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံများ ဖြစ်သည်။
ဘီလာရုစ် နိုင်ငံမှ စောင့်ကြည့်ရေး အဖွဲ့သည် ၂၅ ရက်နေ့ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေခဲ့သည်။
အနောက်နိုင်ငံများနှင့် အဓိက နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကြီးများမှာမူ ယနေ့ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရားမျှတသည့် အခြေအနေမရှိ” ဟု ယူဆသဖြင့် စောင့်ကြည့်သူများ စေလွှတ်ခြင်း မပြုခဲ့ကြပါ။ ယင်းတို့တွင် ဥရောပသမဂ္ဂ (EU)၊ The Carter Center၊ ကုလသမဂ္ဂ (UN)နှင့် အာဆီယံ (ASEAN) အသင်းကြီး တို့ ပါဝင်သည်။
အာဆီယံ အသင်းကြီးက မကြာသေးမီက ကျင်းပခဲ့သည့် ထိပ်သီး အစည်းအဝေးတွင် မြန်မာ့ ရွေးကောက်ပွဲကို တရားဝင် စောင့်ကြည့်သူ စေလွှတ်ခြင်း ပြုမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ အဖွဲ့ဝင် တစ်နိုင်ငံချင်းလာရောက်မှုကိုမူ တားမြစ်မည်မဟုတ်ကြောင်းလည်း ဖော်ပြခဲ့သည်။
မြန်မာ စစ်ကော်မရှင်က ဖိတ်ကြားထားပြီး လာရောက်မည်ဟု အကြောင်းပြန်ထားသော နိုင်ငံ ပေါင်း ၁၀ နိုင်ငံရှိပြီး ရောက်ရှိနေသော နိုင်ငံများအပြင် ထိုင်း၊ လာအို၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံများ ပါဝင်သည်ဟု စစ်ကော်မရှင် သတင်းရင်းမြစ်များက ပြောသည်။
ယနေ့ကျင်းပနေသော ရွေးကောက်ပွဲသည် နိုင်ငံတစ်ဝန်းလုံးရှိ နယ်မြေအားလုံးတွင် ကျင်းပနိုင်ခြင်း မရှိဘဲ လုံခြုံရေးအရ ကန့်သတ်ချက်များ ရှိနေသည့်အတွက် နိုင်ငံတကာ စောင့်ကြည့်သူများ၏ လှုပ်ရှားမှုမှာလည်း အစိုးရမှ သတ်မှတ်ပေးထားသည့် နေရာအချို့ (အထူးသဖြင့် နေပြည်တော်နှင့် ရန်ကုန်) တွင်သာ အဓိက သွားရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ တွင် ယနေ့ရွေးကောက်ပွဲ ကျင်းပခြင်း လုံးဝ မပြုလုပ်နိုင်သော မြို့နယ် ၆၅ မြို့နယ် ရှိသည်။