သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။

စစ်ကော်မရှင် ရွေးကောက်ပွဲသည် ချောင်ပိတ်မိနေသည့် စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက်ရှာသည့် လှည့် ကွက်သာ ဖြစ်ကြောင်း တနင်္သာရီတော်လှန်ရေး အင်အားစုများက သတိပေးလိုက်သည်။

စစ်ကော်မရှင်က ကျင်းပရန် ကြံစည်နေသည့် ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ချောင်ပိတ်မိနေသည့် စစ်အုပ်စု အတွက် အသက်ရှူပေါက်ရရန်နှင့် ၎င်းတို့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုတင်ပြင်ဆင်ထားသည့် လှည့် ကွက်တစ်ခုသာ ဖြစ်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများက နိုင်ငံတကာသို့ အသိပေး ပြောဆိုလိုက်သည်။

KNU တပ်မဟာ (၄) အပါအဝင် တနင်္သာရီတိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) BCT- 4 က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ် ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်နှင့် ပတ်သက်၍ အဖွဲ့အားလုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟိန်းထက်က နိုင်ငံတကာ အစိုးရတွေ နိုင်ငံတကာအသိုင်းအဝန်းကိုလည်း ဒါက အကြမ်းဖက်စစ်အုပ်စုရဲ့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးဖိနိုင်ဖို့အတွက် ဒီလှည့်ဖျားတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်ဆိုတဲ့ဟာရယ်။ တစ်ဆက်တည်းမှာပဲ ဒီရွေး ကောက်ပွဲက ဒီအတုအယောင် ရွေးကောက်ပွဲကလေပေါ့နော် ဆိုတော့ တိုင်းပြည်ရဲ့ လက်ရှိရှိနေတဲ့ ဒီအကြပ် အတည်းတွေ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒီသတ်ဖြတ်မှုတွေ အပါအဝင် ဒီငြိမ်းချမ်းတဲ့ ဒီမြန်မာနိုင်ငံရဲ့ ဒီလူ့ဘောင် အဖွဲ့ အစည်းကို တည်ဆောက်ဖို့တဲ့ နေရာမှာ ဘယ်လိုမှ ဒီရွေးကောက်ပွဲက အဖြေမဟုတ်ဘူးဆိုတဲ့ဟာကိုလည်း ကျနော်တို့ ကောင်းစွာ သိရှိနားလည် သဘောပေါက်စေချင်တယ်ပေါ့ ဟု ပြောသည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါ တရားမဝင် ရွေးကောက်ပွဲကို ဒီမိုကရေစီ အရေခြုံပြယုဂ်အဖြစ် အသုံးချကာ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိစေရန် အငမ်းမရ ကြိုးပမ်းနေခြင်း ဖြစ် သည်ဟု BCT-4 က ထောက်ပြထားသည်။

ပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်သည့် ကော့သောင်းခရိုင် နိုင်ငံရေးအင်အားစု ကိုယ်စားလှယ် ဒေါ်ထိပ်ထားက လည်း စစ်အုပ်စု၏ ဖိနှိပ်မှုများကြားမှ ပြုလုပ်မည့် ရွေးကောက်ပွဲ၏ သဘာဝကို အခုလို မေးခွန်းထုတ်ထားသည်။

အရပ်သားပြည်သူတွေကို နေ့စဉ်နဲ့အမျှ ပစ်မှတ်ထားပြီး ဖမ်းဆီးထောင်ချခြင်း၊ မတရားသတ်ဖြတ်ခြင်း၊ မတရားပေါ်တာဆွဲ စစ်မှုထမ်းခိုင်းစေခြင်း၊ လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခြင်း၊ လက်နက်ပစ်ခတ်သတ်ဖြတ်ခြင်း စသည့် ဖိနှိပ်မှုပေါင်းများစွာနဲ့ ခြိမ်းခြောက်ပြီး ပြုလုပ်တဲ့ ဒီမိုကရေစီခံယူတဲ့ ရွေးကောက်ပွဲက စစ်မှန်တဲ့ ဒီမို ကရေစီလို့၊ စစ်မှန်တဲ့ရွေးကောက်ပွဲလို့ ပြောနိုင်ပါသလား။ ဒါကြောင့် ဒီရွေးကောက်ပွဲက အာဏာရှင်အဓွန့်ရှည် တည်တံ့ဖို့၊ အာဏာရှင်ကောင်းစားဖို့လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ် ဟု ၎င်းက ပြောသည်။

BCT-4 ၏ ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်သည် ၎င်းတို့အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲ၍ ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းခြင်းမှာ နိုင်ငံရေး အကျပ်အတည်း၏ အဖြေမဟုတ်ဘဲ တိုင်းပြည်ကို ပိုမိုဆိုးရွားသည့် အခြေအနေသို့သာ တွန်းပို့နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးဟိန်းထက်ကလည်း ဒီရွေးကောက်ပွဲကနေ တစ်ဆင့်ပေါ့လေနော် ဆိုတော့ နိုင်ငံရေးအရ ချောင်ပိတ်မိနေတဲ့ အကြမ်းဖက်စစ်အုပ်စုအတွက် နိုင်ငံရေးအရ အသက်ရှူပေါက်ရဖို့အတွက်ကို ကြိုးစားလုပ်ဆောင်တဲ့ဟာမျိုး ဖြစ်တယ်ပေါ့လေနော်။ ဒီရွေးကောက်ပွဲကနေတစ်ဆင့် ဒီနိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရယူပြီးတော့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်းဖက်မှုတွေ အားလုံးကို ဒါပြည်ဖုံးကားချနိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်ပေါ့ ဟု စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို ထပ်လောင်းရှင်းပြသည်။

ပြည်သူများအား အဓမ္မခြိမ်းခြောက်၍ ပြုလုပ်မည့် အဆိုပါ “သွေးစွန်းသော ရွေးကောက်ပွဲ” သည် ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရနှင့် ကင်းကွာနေသည့်အတွက် BCT-4 အနေဖြင့် လုံးဝလက်ခံမည် မဟုတ်ဘဲ ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရွေးကောက်ပွဲကို အထောက်အပံ့ဖြစ်စေမည့် မည်သည့် ပူးပေါင်းပါဝင်မှုမျိုးကို မဆို ခွင့်ပြုမည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

လက်ရှိတွင် တနင်္သာရီတိုင်း အတွင်း၌ စစ်ကော်မရှင်က ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ ရှိနေသော်လည်း ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းများ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် နယ်မြေအများအပြားတွင် စိုးမိုးမှု ကင်းမဲ့နေသည့် အခြေအနေဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များက ပြောသည်။