ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ မဲထည့်ရန် USDP ဖိအားပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ပုသိမ်မြို့တွင် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မဲထည့်ရန် စစ်ကော်မရှင်က ဖိအားပေးနေ သည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်က ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား (USDP) ကို မပျက်မကွက် မဲပေးကြရန် စစ်ကော်မရှင်ဘက်က ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်.
အဆိုပါ ရွေးကောက်ပွဲအတွက် ဝန်ထမ်းများကိုသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ မဲစာရင်းတွင် မဖြစ်မနေပါဝင်စေရန်နှင့် မဲထည့်သည့်အခါတွင်လည်း USDP ပါတီ ကိုသာ ရွေးချယ်ရန် ဌာနဆိုင်ရာအကြီးအကဲများက တိုက်ရိုက်ညွှန်ကြားနေခြင်း ဖြစ်သည်။
ဝန်ထမ်းမိသားစုဝင်တစ်ဦးက “မဲမပေးရင် ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်းကြီး တော့ မဟုတ်ဘူးပေါ့။ ခုကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေပြီး ပြည်သူရွေးချယ်တဲ့ ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာမှ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောမှာ၊ အဲဒါကြောင့် မဲထည့်ကြ ရမယ်၊ ကြံ့ခိုင်ရေးပါတီကိုသာ ထည့်ကြဆိုပြီးကို ဒဲ့ပြောတာ” ဟု ပြောသည်။
ထို့ပြင် ဝန်ထမ်းများသည် မိမိတို့နေထိုင်သည့် ရပ်ကွက်များတွင် မဲစာရင်းပါဝင်ခြင်း ရှိ၊ မရှိကို မဖြစ်မနေ သွားရောက် ကြည့်ရှုရပြီး၊ အကယ်၍ မဲစာရင်းတွင် အမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားကာ မိမိတို့၏ ဌာနသို့ ပြန်လည်တင်ပြရကြောင်း ဆိုသည်။
အသက် ၅၀ အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးက “ကိုယ်တစ်ယောက်တည်းတင် မဟုတ်ဘူး၊ မိသားစုဝင်တွေရဲ့ နာမည်ပါ မပါလာရင် ပြန်ပြီး လျှောက်လွှာတင်ပေး ရသေးတာ။ နောက် ဘယ်ရပ်ကွက်က မဲရုံ၊ မဲနံပါတ်က ဘယ်လောက်ဆိုတာတွေ ဌာနကို ပြန်တင်ပြရသေးတာ” ဟု ဆိုသည်။
ပုသိမ်မြို့ပေါ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုသည့် အချိန်အထိ နိုင်ငံရေးပါတီများ၏ မဲဆွယ် စည်းရုံးမှုမှာ အလွန်အားနည်းနေပြီး၊ မြို့တော်ခန်းမရှေ့တွင် ရွေးကောက်ပွဲတိုက်တွန်းသည့် ဆိုင်းဘုတ်တစ်ခုနှင့် ရေပေါ်ဈေးရှေ့တွင် ပြည်သူ့အကျိုးပြုပါတီ (PPP) ၏ ဆိုင်းဘုတ်တစ်ခုသာ မြင်တွေ့ရကြောင်း မြို့ခံများက ပြောသည်။
နိုင်ငံရေးလေ့လာသူများကမူ ယခုရွေးကောက်ပွဲသည် USDP ပါတီ အသာစီးရစေရန် စနစ်တကျ ရေးဆွဲထား သည့် ပုံစံဖြစ်သည်ဟု ဝေဖန်နေကြသည်။
ပါတီတစ်ခုမှ နုတ်ထွက်စာတင်ထားသူတစ်ဦးက “ကန့်သတ်ချက်တွေ ချုပ်ချယ်ထားတာတွေ အများကြီးပဲ၊ ဘာမှလှုပ်လို့မရဘူး။ နိုင်သူအကုန်ယူရော၊ PR ဆိုပြီး အမျိုးမျိုးလုပ်ထားတာ ကြံ့ခိုင်ရေးအတွက် အသာစီးတွေ ချည်းပဲ။ ရွေးကောက်ပွဲ ဝင်ပြိုင်တာကိုက သူတို့ရဲ့ ရည်ရွယ်ချက် ပြည့်စုံအောင် ဖြည့်ဆည်းပေးနေကြတာ” ဟု ပြောဆိုသည်။
လက်ရှိတွင် ပုသိမ်မြို့၌ လူထုကြား မဲဆွယ်စည်းရုံးမှုများ ထင်သာမြင်သာ မရှိသော်လည်း ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့် မဲပေးရန် နှိုးဆော်ခြင်းနှင့် ဝန်ထမ်းများကို ဌာနဆိုင်ရာ လမ်းကြောင်းမှ တစ်ဆင့် ဖိအားပေး စည်းရုံးခြင်းများကိုသာ အဓိက လုပ်ဆောင်နေခြင်း ဖြစ်သည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို တရားဝင်မှုရှိစေရန်အတွက် ဝန်ထမ်းထုကို အဓိကအသုံးချကာ မဲရုံများသို့ ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။