စစ်တပ်မှလာသည့် ဒုထောင်မှူးက နိုင်ကျဉ်းများအား ဦးဆောင် ဖိနှိပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ဒိုက်ဦးထောင်တွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် ဒုထောင်မှူးက နိုင်ငံရေးအကျဉ်းသားများအား ဦးဆောင် ဖိနှိပ်နေသည်ဟု နိုင်ကျဉ်းအရေး လုပ်ဆောင်နေသူများက ပြောသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် အတွင်းရှိ ဒိုက်ဦးအကျဉ်းထောင် (ကျိုက်စကော) ၌ စစ်ကော်မရှင်တပ်မှ အသွင် ပြောင်းလာသည့် ဒုထောင်မှူးက နိုင်ငံရေးအကျဉ်းသားများ အပေါ် စစ်တပ်ပုံစံဖြင့် ပြင်းထန်သော ဖိနှိပ်မှုများ ဦးဆောင် ကျူးလွန်နေခြင်းကြောင့် အကျဉ်းသားများ၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
ယခု ဒီဇင်ဘာလနှောင်းပိုင်း အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားစွာ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (PPNM) က ထုတ်ပြန်ထားသည်။
PPNM ပြောရေးဆိုခွင့်ရှိသူ မလင်းက “ဒိုက်ဦးအကျဉ်းထောင်ကလည်း အရင်ကတည်းက အဲလို ညှဉ်းပန်း နှိပ်စက်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အခု ပိုဆိုးလာတယ်ဆိုတာက ကျတော့ အခု ဒီ ဒုထောင်မှူး ပြောင်းလာ တယ်ပေါ့နော်။ သူပြောင်းလာကတည်းက ပိုပြီးတော့ ဆိုးတာပေါ့။ သူကတော့ အသွင်ပြောင်းထားတဲ့ လူဖြစ် တာပေါ့နော်။ ဒီစစ်တပ်ဘက်ကနေ အသွင်ပြောင်းလာတာ ဖြစ်တဲ့အတွက် အာ ဒီစစ်တပ်ရဲ့ လက်မရွံ့မှုတွေ သူ့မှာ ရှိနေတယ်ပေါ့နော်။ တစ်မိန့် တစ်အာဏာ ပေါ့နော် စနစ်နဲ့ ထောင်ကို ဒီစစ်တပ်ပုံစံမျိုး ထိန်းချုပ်နေတာ ကို တွေ့ရပါတယ်” ဟု ပြောသည်။
အဆိုပါ ဖိနှိပ်မှုများကို စစ်တပ်မှ အကျဉ်းဦးစီးဌာနသို့ အသွင်ပြောင်းလာသူ ဒုထောင်မှူး က အဓိက ဦးဆောင်နေခြင်းဖြစ်ပြီး၊ ၎င်းရောက်ရှိလာပြီးနောက်ပိုင်း ထောင်တွင်းအခြေအနေများ ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
ထောင်အာဏာပိုင်များသည် ထောင်တွင်း ရှာဖွေရေးကို အကြောင်းပြကာ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာ ရေး အတွက် ဆောင်ထားသည့် ဆေးဝါးများ၊ စာပေလေ့လာသင်ယူသည့် စာအုပ်များနှင့် စာရွက်စာတမ်းများကို လိုက်လံသိမ်းဆည်းလျက်ရှိသည်။
ထိုသို့ သိမ်းဆည်းရာတွင် မိသားစုဝင်များက ခက်ခဲစွာ ပို့ဆောင်ထားသည့် အရေးကြီးဆေးဝါးများပါ ပါဝင်နေ သဖြင့် နာတာရှည် ရောဂါဝေဒနာရှင်များအတွက် ကြီးမားသော အခက်အခဲဖြစ်နေသည်။
ဆေးကုသခွင့်နှင့် ပတ်သက်၍လည်း မလင်းက “ထောင်ထဲမှာ ဆေးကုသခွင့်လည်း ပေးပါတယ်။ အပြင်ဆေးရုံ ကုသခွင့်တွေလည်း ပေးတယ်။ ဒါပေမဲ့ အဆင့်ဆင့် သူတို့က တင်ရတာဖြစ်တယ်။ ကျန်းမာရေး ဖြစ်တဲ့ အခါမျိုးမှာ ဒီဆေးဝါးကို အရင်ပေးတယ်။ ပြီးတော့မှ ဟို မနေနိုင်တော့ဘူး၊ အဆင်မပြေတော့ဘူး ဆိုတော့ကျမှ ထောင်ဆေးရုံကို ပို့တာမျိုး ရှိတယ်” ဟု ပြောသည်။
သို့သော် ထောင်ဆေးရုံ သို့မဟုတ် အပြင်ဆေးရုံသို့ ပို့ဆောင်ရန် တင်ပြရာတွင် အဆင့်ဆင့်သော လုပ်ငန်းစဉ်များ ကြောင့် အချိန်အလွန် ကြန့်ကြာနေရသည်ဟု ဆိုသည်။
“အဲဒီအခါမှာ ထောင်ဆေးရုံ မပို့ခင်မှာလည်း အဆင့်ဆင့် တင်ပြရတာတွေက အချိန်အရမ်းကြာတယ်။ အဲဒီ အခါမှာ ဝန်ထမ်းတွေရဲ့ လျစ်လျူရှုမှုကြောင့်မို့လို့ အချိန်ကြာသွားတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ အပြင် ဆေးရုံကို ပို့ရမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အချိန်ကြာတာပေါ့နော်။ ထောင်မှူးရဲ့ လက်မှတ်တွေ ဘာတွေညာတွေ လိုသေးတာဆိုတော့ သူတို့ဘက်ကနေမှာ အချိန်မီပေါ့နော်။ ဟို မတင်ပို့နိုင်ဘူး ဆိုလို့ရှိရင် ဒီလူရဲ့ အသက် အန္တရာယ်က စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု မလင်းက ဆက်လက် ရှင်းပြသည်။
ထို့အပြင် နိုင်ကျဉ်းများသည် စားနပ်ရိက္ခာ အခက်အခဲနှင့်လည်း ရင်ဆိုင်နေကြရသည်။ မိသားစုက ပို့ပေးသည့် ရိက္ခာများအပြင် ထောင်တွင်းဈေးဆိုင်မှ မတန်တဆဈေးဖြင့် ဝယ်ယူထားသည့် အစားအစာများကိုပါ အာဏာပိုင် များက လိုက်လံ သိမ်းဆည်းလေ့ရှိကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။
အဆိုးရွားဆုံး အချက်မှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ခြင်းကို တင်ပြတောင်းဆိုသည့် အကျဉ်းသားများအား အမည်စာရင်း မှတ်သားထားပြီး လေးဖက်ထောက် တွားသွားခိုင်းခြင်း၊ ရိုက်နှက်ခြင်းနှင့် တိုက်ပိတ်ခြင်း စသည့် နှိပ်စက်မှုများကိုပါ ပြုလုပ်နေခြင်း ဖြစ်သည်။
ဒိုက်ဦးအကျဉ်းထောင် တည်ရှိရာ ပဲခူးတိုင်းဒေသကြီးသည် စစ်ရေးတင်းမာမှုများ ရှိနေသည့်
နယ်မြေဖြစ် သကဲ့ သို့၊ ထောင်အတွင်း၌လည်း အသွင်ပြောင်း စစ်ဘက်အရာရှိများ၏ တင်းကျပ်သော အုပ်ချုပ်မှုကြောင့် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးများမှာ လုံးဝ ဆုံးရှုံးနေရသည်။
ယခုကဲ့သို့ ဆေးကုသခွင့် နှောင့်နှေးခြင်းနှင့် စနစ်တကျ ဖိနှိပ်နေခြင်းများကြောင့် နောက်နောင်တွင် အကျဉ်းသား များ အသက်သေဆုံးသည်အထိ ဖြစ်လာနိုင်ကြောင်း PPNM က သတိပေး သုံးသပ်ထားသည်။