ဒိုက်ဦးထောင်တွင် နိုင်ကျဉ်း ၁၆ ဦးကို ခြေကျဉ်းဒေါက်များ ထည့်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ 

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) ၁၆ ဦးကို ခြေကျင်းဒေါက်များ ခတ်၍ တိုက်ပိတ်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်ကြေညာလိုက်သည်။ 

တိုက်ပိတ်ခံထားရသည့် နိုင်ကျဉ်းများမှာ မည်သည့်ပြစ်မှုမှ ကျူးလွန်ထားခြင်းမရှိဘဲ၊ ထောင်အာဏာပိုင်များက ‘လူစုလူဝေးပြုလုပ်သည်’ ဟု တစ်ဖက်သတ်စွပ်စွဲကာ အရေးယူခြင်းဖြစ်သည်ဟု PPNM က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်သည် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား တစ်ဦးကို အခြားရာဇဝတ် အကျဉ်းသားများက အနိုင်ကျင့်ခဲ့သည့် ကိစ္စမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အနိုင်ကျင့်ခံရမှု အပေါ် ကျန်တဲ့ နိုင်ကျဉ်းတွေက ဒီကိစ္စကို ထောင်အာဏာပိုင်တွေအနေနဲ့ ဖြေရှင်းပေးဖို့ တင်ပြ တောင်းဆိုတဲ့ အခါမျိုးမှာ၊ သူတို့ဘက်က ဒါဟာ လူစုလူဝေး လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမှဖြေရှင်း ပေးခြင်း မရှိဘဲ လာရောက်တင်ပြကြတဲ့ လူတွေကို အခုလိုမျိုး တိုက်ပိတ်လိုက်တာလို့ ကျနော်တို့ကတော့ စုံစမ်းသိရှိထားရပါတယ် ဟု ၎င်းက ရှင်းပြသည်။ 

ထို့ကြောင့် တိုက်ပိတ်ထားသူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် PPNM အနေဖြင့် ထုတ်ပြန်ရခြင်း ဖြစ် ကြောင်းလည်း ဖြည့်စွက်ပြောဆိုသည်။

တိုက်ပိတ်ခံထားရသူ နိုင်ကျဉ်း ၁၆ ဦးကို အောက်တိုဘာလ ၂ ရက်နေ့မှစ၍ ယနေ့အချိန်အထိ ၅ ဦးတစ်စုနှင့် ၆ ဦးစီ နှစ်စုခွဲကာ ချုပ်နှောင်ထားသည်။ 

၎င်းတို့အား မိသားစုနှင့် တွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပို့ခွင့်များကိုပါ ပိတ်ပင်ထားသည်ဟု ဆိုသည်။ 

တိုက်ပိတ်ခံထားရသူများ၏ အမည်စာရင်းမှာ ဉာဏ်လင်းနိုင်၊ သဲဦးပိုင်၊ ခန့်ညားသူ၊ ကိုလင်း၊ ကျော်လင်းမောင်၊ ဇော်မျိုး၊ ရှမ်းလေး၊ မင်းနိုင်ထွန်း(ခ)ကြက်ဖကြီး၊ ကျော်သူရဝင်း(ခ)ကျော်ကြီး၊ ဇော်မင်းထိုက်၊ မျိုးကြီး၊ ဇော်ကြီး၊ ဇင်မျိုးထိုက်၊ ထက်လင်း၊ ဇင်ကိုဖြိုး၊ အာကာမင်းနှင့် ဘူးသီး တို့ဖြစ်ပြီး၊ အသက် ၂၀ ဝန်းကျင်မှ ၄၀ ကျော် အရွယ်များ ဖြစ်ကြသည်ဟု PPNM တာဝန်ရှိသူများက ဖော်ပြသည်။

ကိုသိုက်ထွန်းဦးက လက်ရှိဖြစ်စဉ်များ အပါအဝင် ယခင်က ဖြစ်ခဲ့သော ဖြစ်စဉ်များသည် လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေကို ထောင်အာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိ နိုင်ကျဉ်းတွေကို တိုက်ပိတ်တာ၊ ခြေကျင်း ဒေါက်ခတ် တာမျိုးတွေ ပိုလုပ်လာတာကို တွေ့ရပါတယ် ဟု ထောက်ပြသည်။

တစ်ခါတစ်ခါမှာ ဆိုရင် နိုင်ကျဉ်းတွေကို ရိုက်နှက်တာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တဲ့အထိကိုမှ ကျူးလွန်ထားပြီး ဖြစ်ပါတယ် ဟု ၎င်းက ဆိုသည်။ 

ထို့ကြောင့် ဒိုက်ဦးထောင်ကို စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်ရန်နှင့် တာဝန်ထမ်းဆောင်နေသော အဓိက တာဝန်ရှိသူများကို အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း သတင်းစကား ပါးခဲ့သည်။

အလားတူ ဖိနှိပ်မှုမျိုးကို ယခင် ဇူလိုင်လ ၂၂ နှင့် ၂၃ ရက်နေ့များကလည်း နိုင်ငံရေးအကျဉ်းသား (အမျိုးသမီး) ၈ ဦးကို ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ရိုက်နှက် ဖမ်းဆီးပြီး အမျိုးသား အဆောင်ဝင်းအတွင်း၌ ရက် အတန် ကြာ ချုပ်နှောင်ထားခဲ့ဖူးကြောင်း နိုင်ကျဉ်းဟောင်းများက ပြောသည်။ 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ဒိုက်ဦး၊ သာယာဝတီ၊ အိုးဘို၊ အင်းစိန်နှင့် မကွေး စသည့် အကျဉ်းထောင် ၅ ခု သည် စစ်ကော်မရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ဖိနှိပ်မှု အများဆုံး ကျူးလွန်လေ့ရှိသည့် ထောင်များ အဖြစ် သတ်မှတ်ခံထားရသည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဒိုက်ဦးထောင်သည် အဆိုးရွားဆုံး ထောင်များစာရင်းတွင် နံပါတ် ၃ နေရာ၌ ရှိခဲ့ပြီး၊ ယခုနှစ် အခြေအနေအရ နံပါတ် ၄ နေရာပသို့ ကျဆင်းသွားသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောဆိုသည်။