တနင်္သာရီတွင် စစ်ကော်မရှင် သတင်းပေး သံသယဖြင့် လူတစ်ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာတွင် စစ်ကော်မရှင်တပ်အား သတင်းပေးဟု သံသယရှိသူ ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရသည်။

လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။

အဖမ်းခံရသူမှာ အသက် ၅၀ အရွယ်ရှိ ဦးမောင်ယု ဆိုသူ ဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့၊ နံနက် ၃ နာရီ အချိန်ခန့်တွင် ရမ်းဖိုကျေးရွာရှိ ၎င်း၏ ဥယျာဉ်ခြံထဲမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ဆိုကြသည်။

ရမ်းဖိုရွာသားတစ်ဦးက သူ့ဥယျာဉ်ထဲက တဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့သူ ၅ ဦးက လာဖမ်းသွားတာပါ။ မိသားစုတွေလည်း အကုန်လုံးရှိတယ်၊ မေးမြန်းစရာ ရှိတယ်ဆိုပြီး လက်ကို ကြိုးတုပ်ပြီး ခေါ်သွားတာပါ” ဟု ပြောသည်။

မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို တိတိကျကျ မသိရသေးသော်လည်း အဖမ်းခံရသူ ဦးမောင်ယုသည် ရမ်းဖိုကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာများ ကို ဝယ်ယူထောက်ပံ့ပေးနေသူတစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိတွင် ရမ်းဖိုကျေးရွာသား အများစုသည် စစ်ကော်မရှင်တပ်မှ တပ်စွဲထားခြင်းကြောင့် မြိတ်မြို့နှင့် အနီးအနားရှိ တောတောင်များအတွင်းသို့ စစ်ရှောင်တိမ်းရှောင်နေကြသည်မှာ ၂ နှစ်နီးပါးခန့် ရှိပြီဖြစ်သည်။ 

သို့သော်လည်း ဦးမောင်ယုတို့ မိသားစုမှာမူ စစ်ကြောင်းထိုးမှုများ ရှိနေသော်လည်း ထွက်ပြေးတိမ်းရှောင်ခြင်း မပြုဘဲ ၎င်းတို့၏ ဥယျာဉ်ခြံအတွင်း၌ပင် ဟန်မပျက် နေထိုင်လေ့ရှိခြင်းကြောင့် ၎င်းအား သတင်းပေးဟု သံသယရှိခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ ဦးမောင်ယုအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်၊ မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးထား သည်ကိုမူ အောက်တိုဘာလ ၁၄ ရက်နေ့အထိ တိကျသေချာစွာ မသိရသေးပေ။