စစ်ကောင်စီ၏ ဒရုန်းကြောင့် ရွာသားလေးဦး သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာသား ၄ ဦး ထိမှန် သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။

ကျွဲထိန်းကုန်းရွာထဲရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပေါ်ကို စစ်ကောင်စီက စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၃ ဦး အပါအဝင် ၄ ဦး သေဆုံးသွားခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ကိုနေနိုင်သူက ခြေမှာထိတာ ဆိုတော့ ဒဏ်ရာက သိပ်မစိုးရိမ်ရ ဘူး။ အချိန်ရသေးတယ်ဆိုပြီး ပေါ့တော့ သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ပြောသည်။

သေဆုံးသွားသော အမျိုးသမီး ၃ ဦးသည် ကျွဲထိန်းကုန်းကျေးရွာတွင်‌ နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် ဒေါ်စန်းသီ၊ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်နှင့် အသက် ၁၈ နှစ်အရွယ် မဖြူဇာအေးတို့ ဖြစ်ကြသည်။

ဒေါ်စန်းသွယ်မှာ ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန် ၂ ဦးမှာ ဆေးကုသမှုခံယူရန် သွားစဥ် လမ်း၌သေဆုံးခဲ့ခြင်း ဖြစ်သည်။

တချိန်တည်း၌ပင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကိုနေနိုင်သူ ဆိုသူမှာလည်း ခြေထောက်တွင် ဗုံးစထိမှန် သွားခဲ့ပြီးနောက် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ကိုနေနိုင်သူမှာ လမ်းကြောင်း အခြေအနေအရ မြိတ်မြို့တွင် ဆေးကုသ၍ မရသောကြောင့် ထိုင်းနိုင်ငံကို ဆေးကုသရန် သွားသည့်အချိန် ကြိမ်းချောင်းကျေးရွာ လမ်းပိုင်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကျွဲထိန်းကုန်းကျေးရွာမှ ရွာသားလေးဦး သေဆုံးခဲ့သည့်အပြင် နေအိမ်လေးဆောင် ထိမှန်ပျက်စီးခဲ့ပြီး  ရွာသားနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့သေးကြောင်း ရွာသားများက ဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး တကူ၊ သာရဘွင်၊ ဘန်လော၊ ၆ မိုင်၊ ဇဝဲ၊ ကျွဲထိန်းကုန်းကျေးရွာများဘက် ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး လက်ရှိတွင် ကျွဲထိန်းကုန်းကျေးရွာ တစ်ရွာလုံးမှာ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်။