ရေကြီးရေလျှံမှုများကြောင့် တောင်ကြီး – လွိုင်ကော် လမ်းအား အသုံးမပြုနိုင်သေးဟုဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး – လွိုင်ကော် လမ်းတစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် သွားရေးလာရေး ခက်ခဲနေသည်ဟု ယာဉ်မောင်းများက ပြောသည်။
ယနေ့ (ဩဂုတ် ၁၂) နံနက်ပိုင်းကတည်းက တောင်ကြီးမြို့ အထွက်နေရာမှ စ၍ တောင်ကြီး – ဟိုပုံးလမ်း တစ်လျှောက်လုံး၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဆီဆိုင်အကျော်တွင် ဆက်သွား၍ မရနိုင်တော့သဖြင့် စစ်ဘေးရှောင်ကားများမှာ ပြန်လှည့်နေရခြင်း ဖြစ်သည်။
ယာဉ်မောင်းတစ်ဦးက “စစ်တပ်လည်း မပိတ်ဘူး။ တော်လှန်ရေးလည်း မပိတ်ဘူး။ လမ်းက ဖွင့်ပေးထားတယ်။ ဆက်သွားလို့ မရတော့တာ။ ကားလည်း ရေကျော်နေပြီ။ ကျနော်တို့လည်း မဖြတ်ရဲဘူး” ဟု ပြောသည်။
ဩဂုတ်လအတွင်း မိုးရက်ဆက် ရွာသွန်းမှုများကြောင့် တောင်ကြီးမှ လွိုင်ကော်သို့ သွားလာနိုင်သည့် တောင်ကြီး – ဆီဆိုင် – လွိုင်ကော်လမ်း၊ တောင်ကြီး – ကလော – လွိုင်ကော်လမ်း၊ တောင်ကြီး – ညောင်ရွှေ – လွိုင်ကော် လမ်း စသည့် လမ်း ၃ ခုလုံးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
သို့သော် တောင်ကြီး – ဆီဆိုင် – လွိုင်ကော်လမ်းမှ အောက်ပိုင်း မြင့်မားသည့် ကားကြီးအချို့မှာ သွားလာနေကြ ပြီး စစ်ဘေးရှောင်ကားနှင့် ကုန်ကား၊ တွဲကားများမှာ မဖြတ်ရဲကြသေးဘူးဟု ဆိုသည်။
စစ်ဘေးရှောင် တစ်ဦးက “ပင်လောင်းဂိတ်နဲ့ ဆီဆိုင်ဂိတ်က အရင်တုန်းက ရက်ခြားပဲ ဖွင့်ပေးတာ။ အခုကြမှ ဘာစိတ်ကူးပေါက်လဲ မသိဘူး။ ရက်ဆက်ကို ဖွင့်ပေးနေတာ။ ပြန်တဲ့သူတွေကလည်း ဟိုမှာလည်း ရေကြီးနေ တာ သိတယ်။ စိတ်မချလို့ အိမ်ပြန်ကြည့်ကြတာ” ဟု ပြောသည်။
အလားတူ ဆီဆိုင်မြို့နယ်ရှိ ပွန်ချောင်းတွင်လည်း ရေကြီးရေလျှံမှုများကြောင့် နေအိမ်မြောက်များစွာ ရေထဲ မျှောပါ ပျက်စီးခဲ့ပြီး အရပ်သား ၁၀ ဦးကိုလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)က ကယ်ဆယ်ထားရသည်ဟု ဆိုကြသည်။
ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ကရင်နီပြည် နေရာအားလုံးနီးပါးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး တစ်ကြီမ်တစ်ခါမျှပင် မကြုံဖူးကြသည့် တောင်ပေါ်ကျေးရွာများမှာပင် ရေဘေးဒုက္ခကြုံနေရသည်ဟု ဒေသတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။