လွိုင်လင် – တောင်ကြီးလမ်းတွင် မြေပြိုမှုကြောင့် ကား ၅ စီးထက်မနည်း ချောက်ထဲကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင် – တောင်ကြီးလမ်း၊ ခေါင်းနွဲ့တောင် လမ်းပိုင်းနေရာတွင် မြေပြိုကျမှုများကြောင့် ကား ၅ စီးထက်မနည်း ချောက်ထဲသို့ ပြုတ်ကျခဲ့သည်ဟု ယာဉ်မောင်းများက ပြောသည်။
အဆိုပါ လမ်းပိုင်းတွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေ အဆမ တန် စီးဆင်းလာ ပြီး စက်တင်ဘာ ၁၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် မြေပြိုကျကာ ကား ၅ စီးထက်မနည်း ချောက်ထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။
ယာဉ်မောင်း တစ်ဦးက “ကယ်ဆယ်ရေးတွေက ရောက်မလာကြသေးဘူး။ ကားတွေ ဘယ်လို ဆယ်ကြမလဲ။ ကရိန်းတွေကတော့ ဒီချိန် မလွယ်ဘူးထင်တယ်။ ကားကလည်း သူ့ဟာနဲ့သူ ပြန်မတက်နိုင်လောက်ဘူး” ဟု ပြောသည်။
လက်ရှိတွင် ကားအစီးရေ ရာကြီးပိုင်းခန့် ပိတ်မိနေပြီး အစာရေစာများလည်း ခက်ခဲနေသည့်အပြင် ကားအများစု မှာ ကုန်ကားများ ဖြစ်သောကြောင့် ပြန်လှည့်ရန် ခက်ခဲနေကြသည်ဟု ခရီးသည်များက ပြောသည်။
ခေါင်းနွဲ့တောင် လမ်းပိုင်းတစ်လျှောက်တွင် အကွေ့အကောက်များပြီး မိုးရာသီတွင်း မကြာခဏ လမ်းပျက်စီးလေ့ ရှိသော်လည်း ယခုကဲ့ ကားများ ချောက်ထဲပြုတ်ကြသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ယာဉ်မောင်းများက ဆိုကြသည်။
“ကားသမားတွေတော့ နပ်သွားပြီ။ မိုးတွင်းဆို ဆေးလိပ်၊ ကွမ်း၊ ထမင်း အပြည့်စုံပဲ။ ရုတ်တရက် ထဖြစ်ရင် ဝယ်စားစရာ မရှိဘူးလေ။ လမ်းကတော့ ၃ ရက်လောက် ကြာဦးမှာပါ” ဟု ယာဉ်မောင်း တစ်ဦးက ဆက် ပြော သည်။
ယခုဖြစ်စဉ်အား ဆက်လက် မေးမြန်းနေဆဲဖြစ်ပြီး ဖုန်းလိုင်း အခက်အခဲများကြောင့် ထိခိုက် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးများအား အသေးစိတ် မသိရှိနိုင်သေးချေ။
စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ခေါင်းနွဲ့ကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် လူ ၇ ဦး ရေထဲမျောပါ သေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။