PDF ကို ဆိုင်ကယ်ရောင်းသည်ဟု စွပ်စွဲပြီး သိန်းခြောက်ဆယ် ငွေညှစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

မြိတ်မြို့နယ် တညက်ကျေးရွာတွင် ပျူစောထီးအဖွဲ့က PDF များထံသို့ ဆိုင်ကယ်ရောင်းချသည်ဟု စွပ်စွဲကာ  အမျိုးသားတစ်ဦးကို ဖမ်းဆီးငွေညှစ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

အုပ်ချုပ်ရေးမှူးဦးဇော်မင်းလတ် ဦးဆောင်သည့် ပျူစောထီးအဖွဲ့က တညက်ကျေးရွာသား ဦးဘာရှီးလ် ဆိုသူကို စက်တင်ဘာလ ၁၀ ရက်နေ့က ဖုန်းဆက်ခေါ်ယူပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့ ခဏရုံးကို လာခဲ့ပေးပါဆိုပြီး လိမ်ခေါ် တာ၊ ပြီးတာနဲ့ တစ်ခါတည်း ဖမ်းလိုက်တာပါပဲ၊ ဖမ်းဆီးခံရသူ ဦးဘာရှီးလ်က သူ့အနေနဲ့ PDF တွေကို ဆိုင်ကယ် မရောင်းခဲ့ကြောင်း ပြန်လည်ရှင်းပြပေမဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လက်သင့်မခံခဲ့ဘူး ဟု ပြောသည်။

ဦးဘာရှီးလ် အမှန်တကယ်ရောင်းခဲ့သည့် သူမှာ သာမာန်လူတစ်ဦး ဖြစ်ကြောင်းနှင့် ဝယ်လိုက်သော သူကို လိုက်လံပြသပေးမည်ဟု ပြောခဲ့သော်လည်း ပျူစောထီးအဖွဲ့က လက်သင့်မခံဘဲ ငွေကျပ်သိန်း ၆၀ ပေးမှ ပြန်လွှတ်ပေးမည်ဟု ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ရွာသားအချို့က ဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ကျပ်သိန်း ၆၀ မှ ကျပ် ၄၅ သိန်းဟု ပြောင်းလဲတောင်းခံပြီး ဖမ်းဆီးခံရသူ ဦးဘာရှီးလ်ကို ပြန်လည် လွှတ်ပေးလိုက်ကြသည်။

တညက်ကျေးရွာတွင် အုပ်ချုပ်‌ရေးမှူး ဦးဆောင်သည့် ပျူစောထီးအဖွဲ့ဝင် ဆယ်ဦးကျော်ရှိပြီး ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

အိမ်ထောင်စု တစ်ထောင်ကျော် ရှိနေသည့် တညက်ကျေးရွာအုပ်စုတွင် ပျူစောထီးအဖွဲ့ လစာအတွက် ဇွန်လ ကုန်ပိုင်းမှ စတင်ပြီး နေအိမ်တစ်ဆောင်ကို ငွေ ၅,၀၀၀ ကျပ် ကောက်ခံနေသည်။

ပျူစောထီးအဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နေထိုင်ကြပြီး ဧည့်စာရင်း စစ်ဆေးခြင်း၊ ဖုန်း၊ ဆိုင်ကယ်များကို ရှောင်တခင် စစ်ဆေးခြင်းများ အပြင် ညဘက် သေနတ်ပစ်ဖေါက်ခြင်းများကို လုပ်လေ့ ရှိကြသည်။