ရှမ်း-ကရင်နီ နယ်စပ် တိုက်ပွဲအတွင်း အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
ကရင်နီ – ရှမ်းတောင်နယ်စပ်က တိုက်ပွဲအတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ် KNDF တာဝန်ရှိသူက ပြောသည်။
ကရင်နီ – ရှမ်းတောင် နယ်စပ်က စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ကရင်နီ တော်လှန်ရေးပူးပေါင်း တပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာမှ စစ်ကောင်စီ၏ ဒရုန်းကြောင့် အရပ် သားများ ယခုကဲ့သို့ ထိမှန်သေဆုံးဒဏ်ရာ ရရှိခဲ့ကြခြင်း ဖြစ်သည်ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာတော့ အရပ်သား ထိခိုက်မှုတွေရှိခဲ့တယ်။ ဆိုတော့ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ချတာ ကြောင့်မလို့ ဒရုန်းဗုံးထိပြီးတော့မှ အရပ်သား ၄ ယောက် သေဆုံးသွားတာ ရှိတယ်ပေါ့နော်။ အမျိုးသမီး တစ် ယောက် အမျိုးသား ၃ ယောက်ပေါ့နော်။ ပြီးတဲ့ခါမှာ ဒီလက်နက်ကြီး အဓိက အရပ်သား တော်တော် များများ ကတော့ လက်နက်ကြီး ပစ်ခတ်တာကနေမှ ထိခိုက်ဒဏ်ရာ ရသွားတာတွေ ရှိတယ်ပေါ့နော်။ ၅ ဦးလောက် ရှိတယ်ပေါ့နော်။”
ကရင်နီ – ရှမ်းတောင် နယ်စပ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ စခန်းချထားသည့် လွိုင်လင်လေးမြို့ထဲက နေရာ အနည်း ဆုံး ၅ နေရာကို စက်တင်ဘာလ ၅ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၈) ရက်နေ့ အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ် (KNDF) က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုဘက်၌ ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့ပြီး စစ်ကောင်စီတပ် ဘက်တွင်မူ အယောက် (၃၀) ကျော် သေဆုံးခဲ့သည်ဟု KNDF က ဆိုသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲ့ယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည့် အပြင် စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု (KNDF) ဗဟို သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူ က ဆက်ပြောသည်။
“ဒီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဆိုလို့ရှိရင် ဒါစစ်ကောင်စီ ဆီကနေမှ ကျနော် တို့ လက်နက်တွေပေါ့နော်။ လက်နက်ကြီး၊ လက်နက်ငယ် အစုံပေါ့နော်။ ၂၄ လက်လောက် ကျနော်တို့ သိမ်း ဆည်း ရရှိတာတွေ ရှိတယ်။ ပြီးတဲ့ခါမှာ စစ်ကောင်စီရဲ့ တပ်သားတွေရောပေါ့နော။ တပ်သားတွေထဲက (၃) ယောက်ကို ကျနော်တို့ အရှင်ဖမ်းမိထားတယ်ပေါ့နော။ သုံ့ပန်းအနေနဲ့ ဖမ်းမိထားတာမျိုးတွေ ရှိတယ်။”
လက်ရှိ ကရင်နီပြည်နယ်ထဲ၌ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ ဆက်လုပ်နေပြီး လွိုင်လင် – လွိုင်လင် လေး – ဆီဆိုင် လမ်းတလျှောက်တွင်လည်း နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကောင်စီ အနေနဲ့ကတော့ အခုလက်ရှိမှာ ဆိုလို့ရှင် လွိုင်ကော်၊ လွိုင်ကော် – လွိုင်လင်လေး – ဆီဆိုင်မှာ ဒီလမ်းပေါ်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်။ ဆို တော့ ဒီမှာတောက်လျှောက် ကျနော်တို့ တိုက်ပွဲတွေ ကြိုကြား ကြိုကြား ဆက်ပြီးတော့မှ ဖြစ်နေတယ်ပေါ့ နော်။ ဒီနေ့အထိပဲ ဖြစ်နေတယ်။ ပြီးတဲ့ အခါမှာ ဒီလွိုင်ကော်ကနေမှ ဒီးမော့ဆို လမ်းမကြီးပေါ့။ ဆိုတော့ ဒီပေါ် မှာလည်း စစ်ရေးလှုပ်ရှားမှု ရှိတယ်။ အဲ့မှာလည်း တောက်လျှောက် ကျနော်တို့ တပ်တွေနဲ့က ထိတွေ့မှုတွေ ရှိနေ တယ်ပေါ့နော်” ဟု ပြောသည်။
စက်တင်ဘာလ ဒုတိယပတ်ထဲအထိ ကရင်နီပြည်၊ ရှမ်း-ကရင်နီအစပ်တလျှောက် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး လူထု ထိမှန်သေဆုံးမှုများ ဆက်တိုး နေသည်။
နှစ်ဖက်ကြား တိုက်ပွဲများ ရပ်တန့်သွားခြင်း လုံးဝမရှိဘဲ ကြိုးကြားကြိုးကြား ဆက်လက် ဖြစ်ပွားနေ၍ စစ်ရှောင် ပြည်သူများမှာလည်း နေရပ်ပြန်နိုင်ခြင်း မရှိသေးဘူးဟု အကူအညီပေးနေသူများက ပြောသည်။