စစ်ကော်မရှင် သုံ့ပန်းများအပါအဝင် အကျဉ်းသား ၈၀ ခန့် ထောင်ဖောက်ပြေး၊ ဒေသခံများ လုံခြုံရေး စိုးရိမ်နေရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းသား ၈၀ ခန့် ထောင်ဖောက်ပြေးမှုကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင် များ လုံခြုံရေးစိုးရိမ်နေကြသည်။
မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှ စစ်သုံ့ပန်းများအပါအဝင် အကျဉ်းသား ၈၀ ဝန်းကျင်သည် လက်နက်များ နှင့် အတူ ထောင်ဖောက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအကြား လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအတွက် ပိုမိုစိုးရိမ်ရကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ယခုကဲ့သို့ ပြောသည်။
“အထူးသဖြင့် အမျိုးသမီးတွေ ကလေးတွေက ဥပမာ-ကလေးတွေ စစ်ရှောင်စခန်းကနေ ကျောင်းသွား တက်ရ တာမျိုး၊ စစ်ရှောင်စခန်းကနေ အပြင်ဘက်ကို ရေသွားခပ်တာ၊ ထင်းတွေ သွားရှာတာ အဲ့လိုမျိုး တချို့ကလည်း စားဝတ်နေရေးအတွက် ရုန်းပြီးတော့မှ ရှာဖွေတာမျိုးတွေရှိတယ်။ ဆိုတော့ ဒီလိုမျိုး ကိစ္စတစ်ခုပေါ်လာတဲ့ အခါ မှာ သူတို့လက်နက်လည်း ပါသွားတယ်၊ အဲ့လိုမျိုး ဖြစ်နေတော့ တွေ့တဲ့သူတွေကို သူတို့ သတ်ဖြတ်မှာမျိုး၊ လူ့အခွင့်အရေး ထပ်ချိုးဖောက် ကျူးလွန်မှာမျိုးတွေကို လူထုတွေ၊ အထူးသဖြင့် အမျိုးသမီးတွေက နည်းနည်း ကြောက်လန့်တာမျိုးတွေ ရှိတာပေါ့နော်။”
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ တရားရေးဌာန အောက်ရှိ အကျဉ်းထောင် (၂) မှ အကျဉ်းသားများသည် လက်နက် ၉ လက်ကိုပါ ယူဆောင်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ထွက်ပြေးသွားသူများထဲတွင် စစ်ကော်မရှင်တပ်မှ ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ ပါဝင်နေပြီး အရေ အတွက် များပြားခြင်း၊ လက်နက်များ ပါသွားခြင်းတို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံဖြစ်ပွားလာ မည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသူများကို ပြန်လည်ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် မယ်စဲ့ဒေသခံ များမှာ ညပိုင်းအချိန်များတွင် အထူးသတိထား နေထိုင်နေကြရသည်။
မယ်စဲ့ဒေသခံ အမျိုးသားတစ်ဦးကလည်း ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်၍ “လက်နက် သေနတ်တွေလည်း ပါတယ်ဆိုတော့ ပိုစိုးရိမ်ရတယ်။ လူက များတယ်ကောနော်။ သူတို့ ထွက်ပြေးပြီးတော့မှ ကျနော်တို့ ရွာသား တွေနား ပြန်ဝင်လာမလား၊ ရန်ပြန်လာရှာမလား၊ တပ်စခန်းအနေနဲ့ သူတို့ ပြန်လာလုပ်မလား၊ တစ်ခါတစ်လေ သူတို့ ဆာငတ်တာတို့ရှိပြီးမှ ကျနော်တို့ ပြည်သူတွေဆီ၊ ရွာသားတွေဆီ ရောက်လာ နိုင်မလားဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ အနည်းအကျဉ်းတော့ စိုးရိမ်ရပါတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး ဆိုတဲ့အနေနဲ့တော့ သတိထားပြီး နေကြပါတယ်” ဟု ပြောသည်။
ဤဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ပြည်ထဲရေးဌာနက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး၊ ပြည်သူများ လုံခြုံရေးအတွက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၊ ရဲဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေးအစီအမံများ ချမှတ်ဆောင်ရွက်နေကြောင်း ဆိုသည်။
လူထုအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်လည်း တိုက်တွန်းထားသည်။
KNWO ဥက္ကဋ္ဌ မော်ဖရေးမြာက “ဖြစ်နိုင်လို့ရှိရင် အမျိုးသမီး၊ ကလေးတွေက စစ်ရှောင်စခန်းက သတ်မှတ်ထား တဲ့ စည်းကမ်းချက် လမ်းညွှန်မှုနဲ့အညီ လိုက်နာပြီးတော့မှ စခန်းပြင်ပကို မထွက်ဖို့ရယ်၊ အနီးကပ် ကိုယ့်မိသားစု နဲ့ အတူ နေထိုင်ဖို့၊ စားဝတ်နေရေးက ခက်ခဲတာတစ်ပိုင်း ဆိုပေမဲ့ သတ်မှတ်ထားတဲ့ဟာ မလိုက်နာလို့ သွားလာ ရင် အဲ့ဒီရန်သူနဲ့တိုးရင် ကိုယ့်အသက်အန္တရာယ်က ပိုပြီးတော့ ကြီးလာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဓိက ကြားကာလ အုပ်ချုပ်ရေးတွေနဲ့ နယ်မြေဒေသ လုံခြုံရေးတွေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာတွေကို ဒီအတော အတွင်းမှာ လိုက်နာပြီးတော့မှ ပုံမှန်အတိုင်းကို စိတ်လေးကို တည်တည်ငြိမ်ငြိမ်ရှိပေးဖို့ KNWO ဘက်ကနေ ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် IEC နှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များသည် အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ရန် စီစဉ်ဆောင် ရွက်နေပြီး၊ ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းများကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်မှု မရှိကြရန်နှင့် တရားဝင် သတင်းအချက်အလက်များကိုသာ စောင့်ကြည့်ကြရန် အသိပေးထားသည်။
ဒေသခံများကမူ ယခုကဲ့သို့သော ဖြစ်စဉ်မျိုး နောက်နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများ အနေ ဖြင့် ပိုမိုသတိပြု ဂရုစိုက်ကြရန် မျှော်လင့်နေကြသည်။
ဓာတ်ပုံ – Min Tar (ပုံဟောင်း)