ရွေးကောက်ပွဲ ကျင်းပမည်ကြေညာထားသော မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။ 

ကရင်နီပြည်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားသည့် မြို့နယ်များထဲ စစ်ကော်မရှင် တပ်က ထိုးစစ်များ လုပ်နေသည့်အတွက် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ သည်။

ကရင်နီပြည်ထဲက ဒီးမော့ဆိုမြို့နယ်ထဲတွင် တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး ဖရူဆိုနှင့် ဘောလခဲမြို့နယ်တို့ ဘက်တွင်မှု ထိတွေ့မှု အနည်းငယ် ရှိလာသည့်အပြင် စစ်အင်အား တိုးထားသည်ဟု ဆိုသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) ဗျူဟာမှူးက ဒီလထဲပေါ့နော် ငွေ တောင်ရွာသစ် နှစ်ပွဲ ဖြစ်တယ်။ ဒီပတိုငံလည်း တိုက်ပွဲ ဖြစ်နေတယ်ပေါ့နော်။ တိုက်ပွဲကတော့ ဒေါငံခါးတို့ နေ့တိုင်း တောက်လျှောက် ဖြစ်နေတယ်ပေါ့နော်။ ဖရူဆိုဘက်မှာတော့ အဲ့လောက် မဟုတ်ဘူးပေါ့။ ဘောလခဲ ဘက်ရော အဲလောက် မဖြစ်သေးဘူး လက်ရှိဖြစ်နေတာကတော့ ဒေါငံခါးတစ်လျှောက်လုံးပဲဟုပြောသည်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ် အင်အား ၁၅၀ ကျော်ရှိနေပြီး လေကြောင်း အပြင် ရှော့တိုက်ဒုံး၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုသည်။

ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ညအိပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ် ကလေးတွေ ကျောင်း သွားတဲ့ အချိန်မှာ ဖြစ်ဖြစ် အရမ်းစိုးရိမ်တယ်ပေါ့နော်။ သားသမီးတွေအတွက် ပူပင်သောက အရောက်ဆုံးပဲ။ ကိုယ့်ကိုကိုယ် ညအိပ်ရင်လည်း အိပ်မပျော်ဘူးပေါ့နော်။ နောက်ထပ် ပြေးသွားဖို့ဆိုလည်း ကိုယ့်မှာ နေရာအတိ အကျ ဆိုလည်း မရှိတော့ဘူးလေးနော်။ အခုဒီလိုမျိုး လက်နက်ကြီးတွေ၊ စစ်ကြောင်းတွေ ဆက်ထိုးမယ်ဆို အဒေါ်တို့ အဲ့ဒီနေရာမှာ အရမ်းစိုးရိမ်စိတ်တွေ အများကြီး ရှိလာတယ်ပေါ့နော်။ အခုအချိန်မှာ အရေးအကြောင်း ဖြစ်လာခဲ့လို့ရှိရင် အရမ်း အခက်အခဲ ရှိတယ် ဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဩဂုတ်လမှ စတင်၍ ဒီးမော့ဆိုမှ ဖရူဆို လမ်းမ ကြီး တစ်လျှောက် ထိုးစစ်ဆင်လာပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

(ကလလတ) ဗျူဟာမှူးက စစ်ကြောင်းက အဓိက လမ်းမကြီးကို ထိန်းဖို့ပေါ့နော်။ နောက်တစ်ခုကတော့ ဘော လခဲ သွားဖို့ပေါ့နော်။ သူရွေးကောက်ပွဲ လုပ်နိုင်ဖို့ အရေး ရည်ရွယ်ချက်ရှိရှိနဲ့ သွားမယ်ထင်တယ်။ ကျနော် အဲ့လို ပဲ သုံးသပ်တယ်ပေါ့နော်ဟု ဆက်ပြောသည်။

ကရင်နီပြည်က လွိုင်ကော်မြို့နယ် အပါအဝင် မြို့နယ် ၇ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လက ကြေညာခဲ့သော်လည်း စက်တင်ဘာလ ကြေညာချက်၌မူ လွိုင်ကော်နှင့် ဘောလခဲမြို့နယ်တို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ အနေဖြင့် ကျင်းပသွားမည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ်သည် လူထုများ နေထိုင်ရာဘက်သို့ လေကြောင်း၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက် ကြီးဖြင့် ပစ်ခတ်မှုများအပြင် မြေပြင် စစ်ကြောင်းများကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန် လာနေသည်ဟု စစ်ရှောင်များက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ယခုရောက်ရှိနေသည့် နေရာများမှ အခြားနေရာများသို့ ထပ်မံ တိမ်းရှောင်ရ မည်ကို ဒေသခံများနှင့် စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။

ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က စစ်ရှောင်တွေကတော့ အစစအရာရာကလည်း ခက်ခဲတယ် ပေါ့နော်။ ဆန်၊ ဆီ၊ ဆား၊ မိုးကာ နေအိမ်တဲ ထိုးဖို့လည်း ခက်ခဲကြတယ် ဆို‌တော့ ဒီအချိန်မှာ အားလုံးက ဘုရား သခင်ရဲ့ ကွယ်ကာစောင့်ရှောက်မှု အောက်မှာပဲ ရှိကြမှာ။ ပြည်သူ့ကာကွယ်ရေး ဘက်တော်သားတွေကလည်း ပြည်သူတွေကို ကာကွယ်နေတဲ့ အတွက်။ လမ်းတွေ ပိတ်လိုက်တာကတော့ အကူအညီပေးရေး အဖွဲ့ အနေနဲ့ သွားလာတဲ့ အခါမှာ အခက်အခဲကတော့ ရှိပါတယ်။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ပါဘူး။ အရင်လောက်ကြီး မချောမွေ့ပေမဲ့ သူ့နည်းသူ့ဟန်နဲ့‌တော့ ဖြေရှင်းပြီး သွားလာ လှုပ်ရှားနေပါတယ် ဟု ပြောသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ စစ်ကားအစီးရေ ၅၀ ကျော်ပါသော ယာဉ်တန်းသည် ဖရူဆိုမြို့ထဲသို့ ရောက်ရှိခဲ့သည်။

အလားတူ စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အား ဖြည့်တင်းကာ ဘောလခဲ လမ်းမကြီး ဘက်သို့ ဦးတည်ကာ စစ်ရေးလှုပ်ရှားမှုများ ရှိလာနေသည်ဟု ဆိုသည်။

ထို့ကြောင့် ဘောလခဲ လမ်းမကြီးဘက်တွင်လည်း ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ အကြား ထိတွေ့ မှုရှိနေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

မြေပြင် စစ်ရေး အခြေအနေများကြောင့် ဖရူဆို – ထားလဲ – နန်းဖဲ လမ်းမကြီး အပါအဝင် အခြား လမ်းသွယ်များ အားလုံးကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမည် ဖြစ်ပြီး လွိုင်ကော် -ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးအား အသုံးပြု သွားလာခြင်းကိုလည်း မလုပ်ကြရန် ကရင်နီပြည် တပ်ပေါင်းစုံ စစ်ဦးစီး အဖွဲ့နှင် KNDF တို့က အသိပေး ထုတ်ပြန်ထားသည်။