စစ်အုပ်စုကို အကြမ်းဖက် အုပ်စုအဖြစ် ဆက်လက် သတ်မှတ်ထားမည်ဟု NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
နိုင်ငံတကာကို လှည့်ဖြားရန်နှင့် တရားမဝင်မှုကို တရားဝင်သယောင် ဖန်တီးရန် အမည်သစ်ပြောင်းပြီး အတုအ ယောင် ရွေးကောက်ပွဲ လုပ်မည့် စစ်အုပ်စုကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ဆက်လက် အရေးယူ သွားမည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။
စစ်အုပ်စုသည် ၎င်းတို့၏ အမည်နာမကို ‘နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်’ ဟု ပြောင်းလဲ ခဲ့သော်လည်း ‘အကြမ်းဖက်အုပ်စု’ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်ဟု ပြည်ထောင် စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) တို့က စက်တင်ဘာလ ၁၈ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။
စစ်အုပ်စုက ၎င်းတို့၏ အဖွဲ့အစည်းကို အမည်ပြောင်းလိုက်ခြင်းသည် နိုင်ငံရေး ထွက်ပေါက်တစ်ခု အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယခုကဲ့သို့ ပြောပါတယ်။
“အဓိကကတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ပထမတော့ စစ်ကော်မတီဆိုတဲ့ နာမည် နဲ့ ပေါ့နော်၊ နစက ဆိုတဲ့ နာမည်နဲ့ ဒါ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ စစ်အုပ်စု သာလျှင် ဖြစ်တယ်ပေါ့ နော်။ အဲ့တော့ အခုလည်းပဲ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာ ရေးကော်မရှင် ဆိုပြီးတော့ နာမည်ပြောင်း လိုက်တာသာ ဖြစ်ပြီးတော့ လူပုဂ္ဂိုလ်တွေက သူတို့ပဲ ဖြစ်တယ်။ ဒီစစ်တပ်က သူတွေပဲ သူတို့ကိုယ်သူတို့ နာမည် တွေ ပြောင်းပြီးတော့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လုပ်ကိုင် ဆောင်ရွက်ဖို့ ကြိုးစားလာတဲ့ အခြေ အနေ ဖြစ်ပါတယ်။”
စစ်အုပ်စု၏ နာမည်ပြောင်းလဲမှုသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်ဖြားရန်နှင့် တရားဝင်မှု ရရှိရေးအတွက် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းမှုသာ ဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက ဆို သည်။
ထို့ကြောင့် NUG အစိုးရအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုမှ တစ်ဆင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို ကိုင်စွဲပြီး စစ်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံများကို အရေးယူဆောင်ရွက်သွားမည် ဦးနေဘုန်းလတ်က ဆက်ပြောသည်။
“အမျိုးသား ညီညွတ်ရေး အစိုးရမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ရှိပါတယ်။ အဲ့တော့ ဒီအကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို ကျနော်တို့ ကိုင်စွဲပြီးတော့ လက်ရှိ အသုံးပြု ပြီးတော့ ဆောင်ရွက်နေတာ ရှိတယ်။ အဲ့တော့ စစ်ကောင်စီ အပါအဝင်ပေါ့နော်၊ သူ့ရဲ့ လက်အောက်ခံ အဖွဲ့အ စည်းတွေကိုလည်းပဲ ဒီအကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကနေပြီးတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ နဲ့အညီ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်တာတွေကို ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ။ NUG ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေတွေမှာ ဖမ်းဆီးရမိလို့ ရှိရင်လည်းပဲ ဒါ ဒီဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်။”
တော်လှန်ရေး အင်အားစုများ၏ ပူးတွဲ ကြေညာချက်ထဲတွင် အချက် ၅ ချက်ကို အဓိက ဖော်ပြထားပြီး အမည် ပြောင်းလဲထားသည့် စစ်ကော်မရှင်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုဝင် များသာ ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် စစ်အုပ်စုက တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းများသည် တရားမဝင် ပျက်ပြယ်ပြီး ဖြစ်ကြောင်းနှင့် စစ်အုပ်စု၏ လုပ်ဆောင်ချက်များ အားလုံးသည် တရားဝင်မှုမရှိဟု ပြောသည်။
စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ခြင်းဖြင့် နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့သောကြောင့် CRPH က ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ‘အကြမ်းဖက် အုပ်စု’ အဖြစ် ကြေညာခဲ့သည်။
ထို့အတူ NUG ကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ၎င်းတို့အား ‘နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ’ အဖြစ် သတ်မှတ်ခဲ့သည်။
ယခု ကြေညာချက်သည် ထိုသတ်မှတ်ချက်များ အတိုင်း ဆက်လက်အကျုံး ဝင်ကြောင်း ထပ်လောင်းအတည်ပြု ခြင်း ဖြစ်သည်ဟု ဆိုသည်။
UNI Asia & Pacific၊ ITUC-Asia Pacific စသည့် အလုပ်သမား အဖွဲ့များကလည်း စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ခိုင်မြဲစေရန် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ရွေးကောက်ပွဲကို ငြင်းပယ်ပြီး အတူ တစ်ကွ လက်တွဲ တိုက်ဖျက်ရန် စက်တင်ဘာလ ၁၅ ရက်နေ့က ပူးတွဲကြေညာ ချက်ထုတ် ပြန်ခဲ့သည်။
ထို့အပြင် International Federation for Human Rights (FIDH) နှင့် ALTSEAN – Burma တို့ကလည်း ဤ ရွေးကောက်ပွဲသည် ရှုပ်ထွေးမှုကို ပိုပြီးဖြစ်စေမည် သာမက ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်မှု ပိုများလာနိုင် သည်ဟု ဆိုပြီး ငြင်းပယ်ကြရန် စက်တင်ဘာလ ၈ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ တောင်း ဆိုထားသည်။