ရုရှားနှင့် ပေါင်း၍ နျူကလီးယား စွမ်းအင် ထုတ်မည်ဟု စစ်ခေါင်းဆောင်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းရန် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယား စွမ်းအင် စီမံကိန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။
စီမံကိန်း၏ ကနဦး ခြေလှမ်းအဖြစ် ခေတ်မီ အငယ်စား နျူကလီးယား ဓာတ်ပေါင်းဖို (SMR) တည်ဆောက်ရေး ပါဝင်ပြီး ထွက်ပေါ်လာမည့် နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပြင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင်ပါ အသုံးပြုမည်ဟု ၎င်းက ဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “၂၀၂၂ ခုနှစ်က စပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ အရှိန် အဟုန်နဲ့ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံရဲ့ အဖက်ဖက်က အားဖြည့် ဆောင်ရွက်ပေးမှုတွေ ကြောင့် အခု တိုးတက်မှုများ သိသာစွာ ရရှိလာပြီ ဖြစ်ပါတယ်” ဟု ပြောသည်။
မော်စကိုမြို့ VDNKh ပြပွဲရုံတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ အဏုမြူ သတင်းပတ် ဖိုရမ် ၂၀၂၅ (World Atomic Week Forum 2025) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း၏ အဓိက မိတ်ဖက်မှာ ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း Rosatom ဖြစ်ပြီး ရန်ကုန်မြို့ တွင် နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာ ဖွင့်လှစ်ထားခြင်း၊ ပညာတော်သင်များ စေလွှတ် ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။
စီမံကိန်း အောင်မြင်ရေးအတွက် ရုရှားနိုင်ငံ နှင့် Rosatom က ဆက်လက် ကူညီပေးရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆို ခဲ့သည်။
“လိုအပ်တဲ့ နျူကလီးယား အခြေခံ အဆောက်အအုံ၊ လူ့စွမ်းအား အရင်းအမြစ်များနဲ့ အခြားလိုအပ်တဲ့ လုပ်ငန်း တွေကို Russia Federation နိုင်ငံနဲ့ Rosatom တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးဖို့ ကျနော့် အနေနဲ့ အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စစ်ကော်မရှင်၏ နျူကလီးယား ရည်မှန်းချက်သည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်း ကတည်းက စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထိုအစီအစဉ်ကို ရုရှားနိုင်ငံနှင့် အတူ ပြန်လည် အသက်သွင်း လာခဲ့သည်။
သို့သော် အဆိုပါ ကြိုးပမ်းမှုအပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပြင်းထန်စွာ ကန့်ကွက်ထားသည်။
စစ်ကော်မရှင်သည် ‘ငြိမ်းချမ်းသော ရည်ရွယ်ချက်’ ဟု အကြောင်းပြ နေသော်လည်း အမှန်တကယ်တွင် စစ်ရေး အတွက် နျူကလီးယား နည်းပညာကို ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု NUG က စွပ်စွဲထားသည်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကော်မရှင်၏ လုပ်ရပ်သည် ပြည်တွင်း ဒီမိုကရေစီ လှုပ်ရှားမှု သာမက ဒေသတွင်းနှင့် နိုင်ငံတကာ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည် ဟု ပြောကြားခဲ့ပြီး ၎င်းတို့ လက်ထဲသို့ နျူကလီးယား စွမ်းအင်သုံး လက်နက် ရောက်ရှိသွားပါက ‘မတွေးဝံ့စရာ အခြေအနေ’ ဖြစ်လာနိုင် သည်ဟု ဇွန်လအတွင်းက သတိပေးဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၅၇ ခုနှစ်မှ စ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး ယခုစီမံကိန်းကိုလည်း အဆိုပါ အေဂျင်စီ၏ လမ်းညွှန်ချက်များနှင့် အညီ အကောင်အထည် ဖော်သွား မည်ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။