မရေရာလှသေးတဲ့ အလင်းရောင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

ပီတာ ရေးသည်။ 

“ကျနော်တို့ လမ်းပျောက်နေသလိုဖြစ်နေတယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးပြီလားလို့ တစ်ခါတလေ တွေးမိတယ်…”

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်း (၁) တွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ရှင်သန်ခဲ့သူ မောဒူ(အမည်လွဲ)၏ ရင်ထဲမှ ထွက်ကျလာသော ပဲ့တင်သံတစ်ခုဖြစ်သည်။  

အမှန်တကယ်မှာ ဤအသံသည် သူ့တစ်ဦးတည်း၏ အသံမဟုတ်။ နှစ်ပေါင်း၄၀ကျော်ကြာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် “ဒုက္ခသည်”ဟူသော ခေါင်းစဉ်အောက်မှ လူသားတစ်သိန်းနီးပါး၏ စုပေါင်းညည်းတွားသံလည်း ဖြစ်သည်။ 

သို့သော် ဩဂုတ်လ ၂၆ ရက်နေ့တွင် ထိုအမှောင်ဖုံးလွမ်းထားသော နံရံမှ အက်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုင်းအစိုးရက မြန်မာဒုက္ခသည်များအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုမည့် သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ 

ဤဆုံးဖြတ်ချက်သည် မြန်မာဒုက္ခသည်များကို စခန်းများမှ ထွက်ခွာရန် ခွင့်ပြု၍ တစ်နှစ်ကြာ အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်များကို ရှာဖွေနိုင်ရန် အခွင့်အရေး ဖန်တီးပေးမည်ဖြစ်သည်။ 

မောဒူက  “အခုတော့ ရောင်ခြည်သန်းလာပြီပေါ့နော်” ဟု ဆက်ပြောသည်။ 

ကနဦးအနေဖြင့် ဒုက္ခသည် ၄၂,၀၀၀ ကျော်ကို အလုပ်လုပ်ခွင့်ပြုမည့် ထိုရောင်ခြည်သည် အမှန်တကယ်ပင် မျှော်လင့်ချက်အလင်းရောင်လော၊ သို့တည်းမဟုတ် မှုန်ဝါးဝါး မျှော်လင့်ချက်တစ်ခုမျှသာလောဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ခံလိုက်ရသော ဘဝများ

၁၉၈၈ နောက်ပိုင်းမှစတင်ကာ ပြည်တွင်းစစ်မီးကို ရှောင်တိမ်းလာခဲ့ကြသော မြန်မာဒုက္ခသည်များသည် UNHCR, TBC နှင့် IRC ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် နှစ်ပေါင်း များစွာ ရပ်တည်လာခဲ့ကြသည်။ 

သို့သော် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် အမေရိကန်၏ အကူအညီများ ရပ်ဆိုင်းလိုက်ခြင်းသည် ၎င်းတို့၏ ကမ္ဘာငယ်လေးကို လဲပြိုသွားစေခဲ့သည်။ တစ်ဦးလျှင် စားနပ်ရိက္ခာထောက်ပံ့မှု ဘတ် ၃၀၀ ကျော်မှ ၇၇ ဘတ်သို့ ထိုးကျသွားခြင်းသည် ကိန်းဂဏန်းတစ်ခုမျှသာမဟုတ်။  မိသားစုတစ်စု၏ ထမင်းနပ်မှန်ရေးနှင့် ကလေးတစ်ယောက်၏ အာဟာရနှင့် အသက်ဆက်မှုကို တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

ထိုမျှသာမက၊ ဆေးရုံများ ပိတ်သိမ်းခံရပြီး ဒုက္ခသည်များ၏အိမ်မက် တတိယနိုင်ငံသို့ သွားရောက်ခွင့်လမ်းများ ပိတ်ဆို့သွားချိန်တွင် မျှော်လင့်ချက်ဟူသော နောက်ဆုံးတံတိုင်းကြီး ပြိုကျသွားတော့သည်။ 

ဒုက္ခသည် စခန်းများအတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများပင် ရှိလာခဲ့သည်ဟု အနီးကပ်ရှိနေသူများကပြောသည်။  

ကရင်နီအမျိုးသမီးအဖွဲ့ (KNWO) ဥက္ကဌ မော်ဖရေးမြာက “အခု စားနပ်ရိက္ခာဖြတ်တောက်တယ်၊ ကျန်းမာရေးတွေလည်း ဖြတ်လိုက်တဲ့ကိစ္စ၊ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ အဲလိုရွေးချယ်စရာတွေကို အဖက်ဖက်က ဆုံးရှုံးနေတော့ လူတွေက စိတ်ဒဏ်ရာတွေနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တဲ့ကိစ္စကို ရွေးချယ်လာကြတယ်လို့ ကျွန်မတို့ သုံးသပ်မိပါတယ်”  ဟု ကြေကွဲစွာဆိုသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း ကရင်နီဒုက္ခသည်စခန်း(၁)တစ်ခုတည်း၌ပင် မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးပမ်းမှု သုံးကြိမ်အထိ ရှိခဲ့သည်။ တစ်ချိန်က နှစ်အတော်ကြာမှ တစ်ကြိမ်သာ ကြားရခဲလှသော ထိုဖြစ်ရပ်ဆိုးများသည် ယခုအခါ စခန်းတွင်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်လာခဲ့သည်။

ထွက်ပေါက်ရှာရန် စခန်းပြင်ပသို့ တရားမဝင်ထွက်ခွာသူများအတွက်မူ ဖမ်းဆီးခံရခြင်း၊ နယ်နှင်ဒဏ်ပေးခံရခြင်းနှင့် ထောင်ဒဏ်ကျခံရခြင်းဟူသော အန္တရာယ်များက အသင့်စောင့်ကြိုနေသည်။ 

စခန်းပြင်ထွက် အလုပ်ရှာ တစ်နေ့လျင် ဘတ်၁၅၀မှ၂၅၀အထိ ပျမ်းမျှသာ လုပ်အားခ ရရှိကြသော်လည်း “ထဟန်” ခေါ်ထိုင်းရဲများဖမ်းမိလျှင် လုပ်အားခနှင့် အဆမတန်သော ဒဏ်ငွေများ ပေးဆောင်ကြရသည်။ 

ဤသို့ဖြင့် စခန်းများသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ အကျဉ်းထောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ဖက်အတွက် လုပ်အား၊ တစ်ဖက်အတွက် ဂုဏ်သိက္ခာ

ဤနောက်ဆုံးထွက်သက်ကို ဆွဲဆန့်ပေးလိုက်သော ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်သည် လူသားချင်းစာနာမှုသက်သက်ကြောင့် ပေါ်ပေါက်လာခြင်းမဟုတ်။ ၎င်းသည် ထိုင်းနိုင်ငံ၏ လက်တွေ့ကျသော စီးပွားရေးလိုအပ်ချက်နှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။

လူဦးရေအိုမင်းလာမှုနှင့် မွေးဖွားနှုန်းကျဆင်းမှုကြောင့် ထိုင်းနိုင်ငံသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးမှသည် ဝန်ဆောင်မှုကဏ္ဍအထိ အလုပ်သမားပြတ်လပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။ ထို့အပြင် ယခုနှစ်အတွင်း ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအလုပ်သမား ၄ သိန်းကျော် ပြန်လည်ထွက်ခွာသွားခြင်းက ဤပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်။ ထိုင်းစီးပွားရေးရှင်များအသင်း (ECOT) က ဤကွက်လပ်ကို ဖြည့်ဆည်းရန် ဒုက္ခသည်များကို အလုပ်ခန့်အပ်ရေးကို ထောက်ခံခဲ့သည်။

ဤအခြေအနေတွင် ဒုက္ခသည်များသည် ထိုင်းနိုင်ငံအတွက် အသင့်တော်ဆုံး လူ့စွမ်းအားအရင်းအမြစ် ဖြစ်လာသည်။ 

ကရင်ငြိမ်းချမ်းရေး အထောက်ကူပြု ကွန်ယက် (KPSN) မှ တာဝန်ရှိသူ နော်ချယ်ရီက “ထိုင်း-ကမ္ဘောဒီးယား ကိစ္စဖြစ်ပြီးနောက်ပိုင်း သူတို့ဆီမှာ အလုပ်သမားလိုအပ်ချက် ရှိလာတယ်။ တစ်ဖက်မှာလည်း ဒုက္ခထဲမှာ နေနေရတဲ့ ကျမတို့ လူမျိုးစုတွေက ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ် အလုပ်လုပ်တယ်၊ ကိုယ်ဝင်ငွေရှာနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ရရှိမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရမှာပါ” ဟု သုံးသပ်သည်။ 

ဤသည်မှာ တစ်ဖက်အတွက် လိုအပ်နေသော လုပ်အားကို ဖြည့်ဆည်းပြီး၊ တစ်ဖက်အတွက် ဆုံးရှုံးနေသော လူ့ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ပေးမည့် “Win-Win” ဟု ဆိုရမည့် “ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာ” ခြေလှမ်းတစ်ခု ဖြစ်လာခဲ့သည်။

မှုန်ဝါးဝါးအလင်းရောင်အောက်မှ ခယောင်းလမ်းကြမ်း

“တရားဝင်အလုပ်လုပ်ကိုင်ခွင့်” အလင်းရောင်သည် လက်တွေ့ဘဝတွင် မှုန်ဝါးနေဆဲဖြစ်သည်။ မူဝါဒကို အတည်ပြုပြီးသော်လည်း လက်တွေ့အကောင်အထည်ဖော်မှုမှာ နှေးကွေးနေသည်။ 

အုန်းဖျံဒုက္ခသည်စခန်းမှ ဒုတိယဥက္ကဌက “မီဒီယာတွေမှာတော့ အလုပ်လုပ်ခွင့်ပြုမယ်လို့ ကြားနေရပေမယ့် ခုထက်ထိ ဘာအဖွဲ့အစည်းတစ်ခုမှ တရားဝင်လာရောက် လုပ်ဆောင်တာတွေ မရှိသေးပါဘူး။ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မယ်လို့ ကြားပေမယ့် လက်ရှိအချိန်အထိတော့ ဘာမှပြောင်းလဲမှု မရှိသေးဘူး” ဟု ဆိုသည်။ စာရင်းကောက်ယူသည့် အဆင့်မှလွဲ၍ ထူးခြားမှု ကြီးကြီးမားမား မရှိသေးပေ။

အလားတူ ကရင်နီဒုက္ခသည်စခန်းနှစ်ခုတွင်လည်း ထူးမခြားနားဟု စာရင်းကောက်ယူရာတွင် ကူညီပေးသည့်စေတနာ့ဝန်ထမ်းတစ်ဦးကဆိုသည်။

ထိုင်းနိုင်ငံသားများအတွက် သီးသန့်သတ်မှတ်ထားသော အလုပ်အကိုင်များကို လုပ်ကိုင်ခွင့်ရမည် မဟုတ်သလို၊ ရှုပ်ထွေးသော ဗျူရိုကရေစီယန္တရား၊ ဒုက္ခသည်များ၏ အားနည်းချက်ကို အခွင့်ကောင်းယူမည့် သွေးစုပ်ပွဲစားများ၊ နှင့် “ဒုက္ခသည်” အဖြစ်မှ “အလုပ်သမား” အဖြစ်သို့ ကူးပြောင်းရာတွင် UNHCR ၏ အကာအကွယ်အချို့ ဆုံးရှုံးနိုင်ခြေတို့က အသင့်စောင့်ကြိုနေသည်။

 “UNHCR က ဒုက္ခသည်အဖြစ်ကနေ ရုပ်သိမ်းလိုက်မလားဆိုတဲ့အပိုင်းကိုတော့ ကျွန်တော်တို့လည်း အတိအကျ မသိရသေးပါဘူး” ဟု အုန်းဖျံဒုက္ခသည်စခန်းမှ ဒုတိယဥက္ကဌက သူ၏စိုးရိမ်မှုကို ဖွင့်ဟသည်။ 

ယာယီဖြေရှင်းနည်း သို့မဟုတ် ရေရှည်အဖြေ

မည်သို့ပင်ဖြစ်စေ၊ ဤဆုံးဖြတ်ချက်သည် မှန်ကန်သောလမ်းကြောင်းပေါ်မှ ပထမဆုံးခြေလှမ်းဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ပုံရိပ်ကို မြှင့်တင်ပေးသလို၊ ASEAN ဒေသတွင်း ဒုက္ခသည်မူဝါဒများအတွက် စံနမူနာတစ်ခုလည်း ဖြစ်လာနိုင်သည်။ သို့သော် ဤမျှော်လင့်ချက်ကို လက်တွေ့ဘဝရပ်တည်မှုအဖြစ် ပြောင်းလဲနိုင်ရန်မှာမူ ထိုင်းအစိုးရ၏ တိကျသောလုပ်ငန်းစဉ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ စောင့်ကြည့်ကူညီမှုနှင့် ဒုက္ခသည်များ၏ ကြိုးစားအားထုတ်မှုတို့ အပေါ်တွင် မူတည်နေသည်။

ဤသည်မှာ ရေရှည်ဖြေရှင်းချက်တစ်ခုလော၊ သို့မဟုတ် ယာယီဖြေရှင်းနည်းတစ်ခုမျှသာလော။ ဤမေးခွန်း၏ အဖြေသည် မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်။

မော်ဖရေးမြာကမူ “ကိုယ့်ရဲ့နိုင်ငံရဲ့ အနေအထားအရက အုပ်ချုပ်သူတွေ မကောင်းတဲ့အခါမှာ တစ်ဖက်နေရာ တစ်ဖက်နယ်စပ်ကို ရှောင်ပြီးတော့မှ ရုန်းကန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့ပြည်တွင်းနိုင်ငံရေး မငြိမ်းချမ်းနေသ၍ကတော့ ဒီနိုင်ငံတကာ တခြားနိုင်ငံတွေရဲ့ အကူအညီကိုတော့ ပံ့ပိုးပေးဖို့၊ စောင့်ကြည့်ပေးဖို့၊ ကူညီပေးဖို့ အဲ့ဒါကိုတော့ ထပ်ပြီးတော့ ဒုက္ခသည်ကိုယ်စား တောင်းဆိုချင်တယ်။” ဟု တောင်းဆိုလိုက်သည်။ 

ထိုတောင်းဆိုသံသည် ဆယ်စုနှစ်များစွာကြာ အမှောင်တိုက်ထဲမှ ထွက်ပေါ်လာသည့် အရေးကြီးဆုံးသော ပဲ့တင်သံတစ်ခုပင် ဖြစ်တော့သည်။