ကမ္ဘာအနှံ့မှ အမေရိကန် ဗိုလ်ချုပ်များအား ရှောင်တခင် အစည်းအဝေး ဆင့်ခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
အမေရိကန် စစ်တပ်က မကြုံစဖူး ကမ္ဘာအနှံ့အပြားတွင် တာဝန်ထမ်းဆောင် နေသော ကြယ်တစ်ပွင့် ဗိုလ်ချုပ်နှင့် အထက် အရာရှိကြီးများအား အချိန်တိုအတွင်း အစည်းအဝေး ခေါ်ယူခဲ့သည်။
အစည်းအဝေးကို ဗားဂျီးနီးယား ပြည်နယ် (Viginia) ရှိ မရိန်း တပ်ဖွဲ့ တက္ကသိုလ် (Marine Corps) ၏ ကွမ်တီကို (Quantico) စစ်စခန်းတွင် ပြုလုပ်ခဲ့သည်။
ထူးခြားသည်မှာ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၂ နိုင်ငံ ကျော်တွင် တာဝန်ထမ်းဆောင်နေသော စစ်ဗိုလ်ချုပ်များ အားလုံးကို တပတ်အတွင်း အစည်းအဝေး ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ခေါ်ယူခဲ့သည့် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီး (နာမည်သစ်အရ ဆိုပါက စစ်ဝန်ကြီး) ပိ့တ် ဟက်ဆက်သ် Pete Hegseth သာမက သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဗိုလ်ချုပ်များ အားလုံးကို ကိုယ်တိုင်တွေ့ဆုံ စကားပြောခဲ့သည်။
အစည်းအဝေး ကာလမှာ တစ်ရက်သာ ဖြစ်သည်။
တရားဝင် ထုတ်ပြန်ထားသည့် စစ်ဝန်ကြီး၏ မိန့်ခွန်းပါ အကြောင်းအရာများတွင် စစ်သည်တော် စိတ်ဓါတ် ပြန်လည် ထူထောင်ရေး၊ ရုပ်ပိုင်း စိတ်ပိုင်း စံနှုန်း သစ်များ ချမှတ်ရေး နှင့် စစ်ဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်းစဉ်များကို စစ်ဘက်ခေါင်းဆောင်များအား ရှင်းပြရန် ဖြစ်သည်ဟု ဆိုသည်။
ထိုမျှလောက် များပြားသည့် ဗိုလ်ချုပ်များကို လုံခြုံရေး အန္တရာယ် အဖြစ်ခံပြီး နိုင်ငံရပ်ခြားမှ ရုတ်တရက် ခေါ်ယူခြင်းတွင် အရေးကြီးသည့် လျို့ဝှက်ချက် တစ်စုံတစ်ရာ ရှိနိုင်သည်ဟု သုံးသပ်မှုတွေ ရှိနေသည်။