ထိုင်းစက်ရုံမှ မြန်မာလုပ်သား ၁,၅၄၀ ဦး ရုတ်တရက် အလုပ်ဖြုတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်။
ထိုင်းနိုင်ငံ၊ ဖတ်ချ်ဘူရီခရိုင်ရှိ Cal-Comp စက်ရုံမှ မြန်မာအလုပ်သမား ၁,၅၄၀ ဦးသည် ကြိုတင် အကြောင်း ကြားခြင်း မရှိဘဲ ရုတ်တရက် အလုပ်ဖြုတ်ခံလိုက်ရကြောင်း အလုပ်သမားများက ပြောသည်။
အလုပ်ဖြုတ်ခံရသူ မြန်မာအလုပ်သမားများသည် ဖတ်ချ်ဘူရီခရိုင်ရှိ Cal-Comp စက်ရုံ၏ CD ရုံမှ ဖြစ်သည်။
၎င်းတို့သည် အဆိုပါစက်ရုံ၌ အလုပ်ရရန်အတွက် တစ်ဦးလျှင် ဘတ် ၁၉,၀၀၀ ဖြင့် စမတ်ကြေးပေးသွင်းခဲ့ရပြီး သုံးလခန့်အကြာတွင် ရုတ်တရက် အလုပ်ဖြုတ်ခံလိုက်ရခြင်း ဖြစ်သည်။
ရုတ်တရက် အလုပ်ပြုတ်သွားသော မြန်မာအလုပ်သမားများသည် စက်ရုံအနီးတွင် စုဝေးနေကြပြီး ယင်းစုဝေး နေသည့် ရုပ်သံနှင့် ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
စက်ရုံဘက်မှ ထိုင်းရဲများကို ခေါ်ယူကာ စောင့်ကြည့်နေကြောင်း MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
MHAC မဟာမိတ်အဖွဲ့က အလုပ်သမားများ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထိုင်းဥပဒေအတိုင်း ကူညီဆောင်ရွက်ပေးရန် လုပ်ဆောင်နေကြောင်းလည်း ပြောဆိုခဲ့သည်။