ရေငုပ်သင်္ဘော အပါအဝင် သင်္ဘော ၁၇ စင်း ဖျက်ဆီးခဲ့ကြောင်း အမေရိကန် ပြော 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။ 

အမေရိကန်စစ်တပ်က ဆင်နွှဲလျက်ရှိသော “Operation Epic Fury” (ဒေါမာန်ဟုန် စစ်ဆင်ရေး) အမည်ရှိ အကြီးစား လေကြောင်းနှင့် ရေကြောင်း စစ်ဆင်ရေး ၄ ရက်မြောက်နေ့တွင် ရေငုပ်သင်္ဘော တစ်စင်း အပါအဝင် အီရန်ရေတပ်သင်္ဘော ၁၇ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) တပ်မှူး Admiral Brad Cooper က အမေရိကန် တပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါးကို တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း အင်္ဂါနေ့တွင် ၎င်း၏ လူမှုမီဒီယာ (X) အကောင့်မှတစ်ဆင့် ကြေညာခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့သည့် ဤစစ်ဆင်ရေးသည် မျိုးဆက်တစ်ခုအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်၏ အကြီးမားဆုံးသော စစ်အင်အား ဖြည့်တင်းမှု တစ်ရပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၅၀,၀၀၀ ကျော်၊ တိုက်လေယာဉ် ၂၀၀ နှင့် လေယာဉ်တင်သင်္ဘော အုပ်စုအများအပြား ပါဝင်ဆင်နွှဲနေခြင်း ဖြစ်သည်။

ရေတပ်ဗိုလ်ချုပ် Admiral Cooper ၏ ပြောကြားချက်အရ လက်ရှိတွင် အာရေဗျပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တို့၌ အီရန်စစ်သင်္ဘောတစ်စင်းမျှ သွားလာနိုင်ခြင်း မရှိတော့ကြောင်းနှင့် ဗျူဟာမြောက် ရေလမ်းကြောင်းများတွင် အီရန်၏ ရေတပ်အင်အားကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့သည်။ 

အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတပ်ဖွဲ့များသည် အီရန်၏ ဘောလစ်စတစ်ဒုံးကျည်စခန်းများ၊ ဒရုန်းထုတ်လုပ်ရေးစက်ရုံများ၊ ကွပ်ကဲမှုစနစ်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အဓိကထား တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ဆက်စပ်သော နေရာများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံအတွင်း လူပေါင်း ၇၈၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်လခြမ်းနီအဖွဲ့က ခန့်မှန်းထားပြီး၊ အမေရိကန် စစ်သည် ၆ ဦး သေဆုံးခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့သည်။ 

အီရန်ဘက်မှလည်း လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန် စစ်အခြေစိုက်စခန်းများ၊ အစ္စရေးနှင့် အမေရိကန်၏ မဟာမိတ် အာရပ်နိုင်ငံများသို့ ဘောလစ်စတစ်ဒုံးကျည် ၅၀၀ ကျော်နှင့် ဒရုန်း ၂,၀၀၀ ခန့် အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ရီယတ်မြို့တော်ရှိ အမေရိကန် သံရုံးဝင်းအတွင်းရှိ CIA (ဗဟိုထောက်လှမ်းရေးအေဂျင်စီ) စခန်းသည် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။ 

ယင်းသို့ တိုက်ခိုက်မှုများ ပေါ်ပေါက်လာပြီးနောက် အမေရိကန် အစိုးရသည် ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်နှင့် လက်ဘနွန်နိုင်ငံတို့ရှိ ၎င်းတို့၏ သံရုံးများကို ယာယီပိတ်သိမ်းခဲ့သည်။