အီရန်၏ စစ်ရပ်စဲရေးအဆိုပြုချက် သမ္မတထရန့် ပယ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
အီရန်နိုင်ငံမှ တင်သွင်းလာသည့် နောက်ဆုံးစစ်ရပ်စဲရေး အဆိုပြုချက်တွင် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများကို စစ်ပွဲပြီးဆုံးမှသာ ဆောင်ရွက်ရန် ဖော်ပြထားခြင်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျေနပ်မှုမရှိဘဲ ပယ်ချလိုက်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရပ်ချီ (Abbas Araqchi) တင်ပြလာသည့် အဆင့်လိုက်ဆောင်ရွက်မည့် အဆိုပြုချက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန်နှင့် နောက်နောင် အလားတူတိုက်ခိုက်မှုများ ထပ်မံမပြုလုပ်ရန် အာမခံချက်ပေးရန်။
ဒုတိယအဆင့်တွင် အမေရိကန်ရေတပ်၏ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အား အီရန်၏ ထိန်းချုပ်မှုအောက်၌ ပြန်လည်ဖွင့်လှစ်ရန် နှင့်
နောက်ဆုံးအနေဖြင့် အထက်ပါအချက်များ ပြီးမြောက်မှသာ နျူကလီးယားအရေးကို စတင်ဆွေးနွေးရန် စသည့်အချက်များ ပါဝင်သည်။
သို့သော် သမ္မတထရန့်က နျူကလီးယားဆိုင်ရာ သဘောတူညီချက်အား ဆွေးနွေးပွဲ၏ အစကတည်းက ထည့်သွင်းဆွေးနွေးရန် ခိုင်ခိုင်မာမာ လိုလားနေခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောဖြတ်သန်းမှုမှာ နေ့စဉ် ပုံမှန်အစီးရေ ၁၃၀ ခန့်မှ ၇ စီးခန့်အထိ သိသိသာသာ လျော့ကျနေပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း ဆက်လက် မြင့်တက်လျက် ရှိသည်။