ရပ်ဆိုင်းထားသည့် Green Card လျှောက်လွှာများ ပြန်လည် စိစစ်ဆောင်ရွက်ရန် တရားရုံး အမိန့်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
အမေရိကန် ဗဟိုတရားသူကြီးတစ်ဦးက ထရန့်အစိုးရအနေဖြင့် ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် (Travel Ban) စာရင်းဝင် နိုင်ငံများမှ လာသူများ၏ ရပ်ဆိုင်းထားသော Green Card လျှောက်လွှာများကို ပြန်လည်စိစစ် ဆောင်ရွက်ပေးရန် အမိန့်ချမှတ်လိုက်သည်။
မေရီလန်းပြည်နယ် တရားသူကြီး ဂျော့ချ် အယ်လ် ရပ်ဆဲလ် (George L. Russell III) က “လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) အနေဖြင့် လျှောက်လွှာများကို လုံးဝမစစ်ဆေးဘဲ နေခွင့်မရှိပါ” ဟု ရေးသားကာ အဆိုပါအေဂျင်စီအား လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အမေရိကန်သို့ ရောက်ရှိနေပြီးသားဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး လျှောက်ထားသူ ၈၃ ဦးက တရားစွဲဆိုခဲ့ခြင်း အပေါ် တရားရုံးက အနိုင်ပေးလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီဇာကန့်သတ်ထားသည့် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ လာသူများ၏ လျှောက်လွှာများကို USCIS က ရပ်ဆိုင်းထားခဲ့ရာ၊ ထိုမူဝါဒကြောင့် လျှောက်ထားသူ ၂ သန်းကျော် ထိခိုက်ခဲ့ရပြီး အေဂျင်စီအနေဖြင့် လျှောက်လွှာကြေး ဒေါ်လာ ၁ ဘီလီယံကျော်ကို ကောက်ခံထားသော်လည်း လုပ်ငန်းစဉ်များကို ရပ်တန့်ထားခဲ့သည်။
“Project Press Unpause” အမည်ရှိ လှုပ်ရှားမှုအဖွဲ့က ပြောရာတွင် ၎င်းတို့သည် အမေရိကန်တွင် ၅ နှစ်ထက်မနည်း နေထိုင်လာကြသူများဖြစ်ပြီး၊ အခွန်မှန်မှန်ဆောင်ကာ ဥပဒေချိုးဖောက်မှု မရှိသည့်အပြင် အမေရိကန်စီးပွားရေးကို အကျိုးပြုနေသူများ ဖြစ်သည်ဟု ဆိုသည်။
မိမိတို့ ကိုယ်တိုင် မရွေးချယ်နိုင်သည့် “မွေးဖွားရာနိုင်ငံ” အပေါ် အခြေခံပြီး ယခုကဲ့သို့ အကန့်အသတ်မရှိ ဆိုင်းငံ့ထားခြင်းမှာ တရားမျှတမှု မရှိကြောင်း ၎င်းတို့က ထောက်ပြထားသည်။
သမ္မတ ထရန့် အစိုးရအဖွဲ့က ဤခရီးသွားလာခွင့် ကန့်သတ်ချက်ကို လုံခြုံရေးအရ အကြောင်းပြကာ အသစ်ဝင်ရောက်လာမည့်သူများအတွက် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း၊ အမေရိကန်အတွင်း ရောက်ရှိနေပြီးသား သူများပါ Green Card လျှောက်ထားရာတွင် အခက်ကြုံနေရခြင်း ဖြစ်သည်။
ဤစီရင်ချက်ကြောင့် ခရီးသွားလာခွင့် ကန့်သတ်ထားသည့် ၃၉ နိုင်ငံမှ လာသူများအတွက် ရပ်တန့်နေသည့် Green Card လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်မည့် မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း အမေရိကန် အစိုးရဘက်မှ မည်သို့ ဆောင်ရွက်မည်ကို မသိရသေးပေ။