ဗြိတိန်က မြန်မာနိုင်ငံသားများအား ကျောင်းသား ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။ 

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံလေးခုမှ ကျောင်းသားများအား ပညာသင်ဗီဇာ (Study Visa) ထုတ်ပေးခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ဗြိတိန်အစိုးရသည် မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံတို့မှ ကျောင်းသားများအား ပညာသင်ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အာဖဂန်နစ္စတန်နိုင်ငံသားများအတွက်မူ အလုပ်ဗီဇာ (Work Visa) ထုတ်ပေးခြင်းကိုပါ တစ်ပါတည်း ရပ်ဆိုင်းခဲ့သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါနိုင်ငံလေးခုမှ ပညာသင်ဗီဇာဖြင့် လာရောက်သူများသည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိပြီးနောက် နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားမှုနှုန်းမှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြား ၄၇၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။ 

ဗြိတိန်နိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ပြင်းထန်လာခြင်းကြောင့် အစိုးရက ယခုကဲ့သို့ ဗီဇာမူဝါဒကို တင်းကျပ်လိုက်ခြင်း ဖြစ်သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး မစ္စ ရှာဘာနာ မာမွတ် (Ms. Shabana Mahmood) က ဗြိတိန်နိုင်ငံအနေဖြင့် စစ်ဘေးရှောင်ပြည်သူများကို အစဉ်တစိုက် ကူညီစောင့်ရှောက်မည်ဖြစ်သော်လည်း ဗီဇာစနစ်ကို အလွဲသုံးစားပြုလုပ်ခြင်းကိုမူ လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဗြိတိန်အစိုးရသည် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူများ၏ အဆင့်အတန်း (Refugee Status) ကိုလည်း လပေါင်း ၃၀ လျှင် တစ်ကြိမ် ပြန်လည်စစ်ဆေးမည့် စနစ်သစ်ကို ကျင့်သုံးရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။