အမေရိကန်မှ လက်နက်ဝယ်ယူရန် ထိုင်ဝမ် အစိုးရ လက်မှတ်ရေးထိုးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။

အမေရိကန်ဆီက လက်နက်ဝယ်ယူမည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ထိုင်ဝမ် လွှတ်တော်က အစိုးရကို လုပ်ပိုင်ခွင့်ပြုလိုက်သည်။

ထိုင်ဝမ်လွှတ်တော်သည် အမေရိကန်နိုင်ငံထံမှ လက်နက်ဝယ်ယူမည့် အစီအစဉ် (၄) ခုအတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် အစိုးရအား သောကြာနေ့တွင် လုပ်ပိုင်ခွင့် အပ်နှင်းလိုက်သည်။

အဆိုပါ လက်မှတ်ရေးထိုးရန် သတ်မှတ်ရက် ကျော်လွန်သွားပါက လက်နက်များ ရရှိရေး နောက်ကျနိုင်သကဲ့သို့ အမေရိကန်အစိုးရထံသို့လည်း မှားယွင်းသော သတင်းစကား ပေးပို့သကဲ့သို့ ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြီးနောက် ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ ဟန်ကော်ယု (Han Kuo-yu) က အမျိုးသားလုံခြုံရေးကို ရှေ့တန်းတင်ရန်နှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန်ဟူသော အခြေခံမူဖြင့် ယခုဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဝယ်ယူမည့် လက်နက်များတွင် -TOW တင့်ဖျက်ဒုံးကျည်များ၊ M109A7 ကိုယ်တိုင်မောင်း သံချပ်ကာ အမြောက်ကြီးများ၊ Javelin ပုခုံးထမ်း တင့်ဖျက် ဒုံးကျည်များနှင့် HIMARS တာဝေးပစ် ဒုံးပစ်စင် စနစ်များ ပါဝင်သည်။

သမ္မတ လိုင်ချင်းတယ် (Lai Ching-te) အစိုးရသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ အပိုဆောင်း ကာကွယ်ရေးအသုံးစရိတ်ကို အတည်ပြုရန် ကြိုးပမ်းနေသော်လည်း လွှတ်တော်တွင်း အင်အားစုများအကြား သဘောထားကွဲလွဲမှုများ ရှိနေခဲ့သည်။

သို့သော်လည်း လာမည့် တနင်္ဂနွေနေ့ နောက်ဆုံးထား၍ လက်မှတ်မထိုးနိုင်ပါက လက်နက်ထုတ်လုပ်ရေးနှင့် ပေးပို့ရေး အစီအစဉ်များတွင် ထိုင်ဝမ်အနေဖြင့် ဦးစားပေးအဆင့် လျော့ကျသွားနိုင်သည့်အတွက် ဘတ်ဂျက်စိစစ်မှုများ မပြီးခင်မှာပင် လက်မှတ်ရေးထိုးခွင့်ကို လွှတ်တော်က ကြိုတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်၏ ယခုဆုံးဖြတ်ချက်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဤလက်နက်စနစ်များသည် ထိုင်ဝမ်၏ စစ်ရေးလိုအပ်ချက်များကို ပြည့်မှီစေရန် စနစ်တကျ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ထိုင်ဝမ်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့၏ ဖိအားပေးမှုကိုလည်း လက်ခံဆောင်ရွက်နေခြင်း ဖြစ်သည်။