ဖိလစ်ပိုင်တွင် အမေရိကန်က ဒုံးကျည်စနစ်များ ထပ်မံဖြန့်ကြက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ဟန့်တားရန်အတွက် အမေရိကန်ပြည်ထောင်စုသည် ဖိလစ်ပိုင်နိုင်ငံသို့ ခေတ်မီဒုံးကျည်စနစ်သစ်များ ထပ်မံစေလွှတ်ဖြန့်ကြက်ရန် စီစဉ်နေကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ယခုနှစ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ရန်နှင့် အဆင့်မြင့်ဒုံးကျည်စနစ်များအပြင် လူမဲ့လေယာဉ် (Drone) စနစ်များကိုပါ ဖိလစ်ပိုင်တွင် ထပ်မံဖြန့်ကြက်သွားရန် သဘောတူညီခဲ့ကြသည်။
၂၀၂၄ ခုနှစ်ကတည်းက ဖိလစ်ပိုင်မြောက်ပိုင်းတွင် အမေရိကန်၏ Typhon အလတ်စားဒုံးကျည်စနစ်နှင့် သင်္ဘောဖျက်ဒုံးကျည်စနစ်များကို ချထားခြင်းအပေါ် တရုတ်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။
ထိုလက်နက်များကို ပြန်လည်ရုပ်သိမ်းရန် တရုတ်က တောင်းဆိုသော်လည်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ငြင်းဆန်ထားသည်။
အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံစလုံးက တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များသည် “တရားမဝင်ကြောင်း၊ အတင်းအဓမ္မလုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် လှည့်ဖြားသည့်လုပ်ရပ်များဖြစ်ကြောင်း” ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဖြန့်ကြက်ထားသော Typhon ဒုံးကျည်စနစ်သည် မိုင်ပေါင်း ၁,၀၀၀ ကျော်အထိ ပစ်ခတ်နိုင်သဖြင့် ဖိလစ်ပိုင်မြောက်ပိုင်းမှနေ၍ တရုတ်ပြည်မကြီးကို ပစ်မှတ်ထားနိုင်သည့် အနေအထားတွင် ရှိနေသည်။
ဖိလစ်ပိုင်သံအမတ်ကြီး ရိုမူရက်ဒ်ဇ်က ယခုဖြန့်ကြက်မှုသည် မည်သည့်နိုင်ငံကိုမျှ ရန်စလိုခြင်းမဟုတ်ဘဲ တရုတ်၏ ရန်လိုမှုကို ဟန့်တားရန် (Deterrence) သက်သက်သာဖြစ်ကြောင်းနှင့် နောင်တွင် ဖိလစ်ပိုင်အနေဖြင့် အဆိုပါလက်နက်စနစ်များကို ဝယ်ယူနိုင်ရန်အတွက် ကြိုတင်လေ့လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။