တရုတ်၏ ရေပိုင်နက် တောင်းဆိုမှု အခြေအမြစ်မရှိဟု ၁၄ နိုင်ငံ ကြေညာချက်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံ၏ ကျယ်ပြန့်လှသော ရေပိုင်နက်တောင်းဆိုမှုများသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက (ဇူလိုင်လ ၁၂ ရက်) တနင်္ဂနွေနေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်လိုက်ကြသည်။
ထုတ်ပြန်ချက်ကို တောင်တရုတ်ပင်လယ်ပြင်အရေးနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက အနိုင်ရရှိခဲ့သည့် သမိုင်းဝင် နိုင်ငံတကာခံသမာဓိစီရင်ရေးရုံး (Permenant Court of Arbitration- PCA) ၏ ဆုံးဖြတ်ချက် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်က အမြဲတမ်းခုံသမာဓိစီရင်ရေးရုံး (PCA) က တရုတ်နိုင်ငံ၏ တောင်းဆိုမှုများသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်သလို ဥပဒေအရလည်း အတည်ဖြစ်ကြောင်း ယခုပူးတွဲကြေညာချက်တွင် ထပ်လောင်းအတည်ပြုထားသည်။
ယင်းပူးတွဲထုတ်ပြန်ချက်တွင် အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်တို့အပြင် ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ အီတလီနှင့် နယူးဇီလန် အပါအဝင် စုစုပေါင်း ၁၄ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြသည်။
သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါဆုံးဖြတ်ချက်သည် “တရားမဝင်သလို အချည်းနှီးသာဖြစ်ပြီး အမှိုက်စာရွက်တစ်ရွက်မျှသာ ဖြစ်သည်” ဟု တနင်္ဂနွေနေ့တွင် ချက်ချင်းတုံ့ပြန်ပယ်ချခဲ့သည်။
ထို့ပြင် ဒေသတွင်း တင်းမာမှုများဖြစ်ပွားနေရခြင်းမှာ အမေရိကန်အပါအဝင် ပြင်ပအင်အားကြီးနိုင်ငံများက စစ်ရေးအရ လာရောက်စွက်ဖက်နေသောကြောင့်ဖြစ်ကြောင်း တရုတ်ဘက်က ပြစ်တင်ဝေဖန်ထားသည်။
တစ်ချိန်တည်းမှာပင် တရုတ်အစိုးရသည် ယင်းပူးတွဲကြေညာချက်နှင့် ပတ်သက်၍ ကန့်ကွက်ရန် ပေကျင်းမြို့ရှိ ဂျပန်သံရုံးမှ သံတမန်အရာရှိကြီးကို ဆင့်ခေါ်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
ဂျပန်၏ ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။