တောင်တရုတ်ပင်လယ် အရေး တရုတ်က ဖိလစ်ပိုင်အား ပြင်းထန်စွာ သတိပေးခြိမ်းခြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။ 

တောင်တရုတ်ပင်လယ်အတွင်း ပြဿနာဖန်တီးနေသူများအား အပြတ်အသတ် နှိမ်နင်းရန် တရုတ်နိုင်ငံ၌ “ကြွယ်ဝပြီး အင်အားကြီးမားသော နည်းလမ်းများ” အသင့်ရှိနေကြောင်း တရုတ်စစ်တပ်က ဖိလစ်ပိုင်နိုင်ငံအား တနင်္ဂနွေနေ့တွင် ပြင်းထန်စွာ သတိပေးလိုက်သည်။

ယင်းသတိပေးချက်သည် ပိုင်နက်အငြင်းပွားနေသည့် စကာဘာရို (Scarborough) သန္တာကျွန်းတန်း ရေပိုင်နက်နယ်နိမိတ်ကို ဖိလစ်ပိုင်အစိုးရက ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂ၌ တရားဝင် မှတ်ပုံတင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အဆိုပါ မှတ်ပုံတင်မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်စစ်တပ်သည် ယင်းကျွန်းတန်းအနီးတွင် ရေတပ်နှင့် လေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို စနေနေ့က ပြုလုပ်ခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများကိုလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်ပိုင် သတင်းစာက ရေးသားထားသည်။ 

ထို့ပြင် ဖိလစ်ပိုင်ဘက်က ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည့် လုပ်ရပ်မှာ အဓိပ္ပာယ်မဲ့သော ရန်စမှုဖြစ်ပြီး တရားမဝင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချထားသည်။

ဖိလစ်ပိုင် နိုင်ငံရေးသမားအချို့သည် ပြင်ပအင်အားစုများနှင့် ပူးပေါင်း၍ ပြဿနာဖန်တီးနေကြောင်းလည်း တရုတ်ဘက်က စွပ်စွဲထားသည်။