မြန်မာ့မြေရှားသတ္တု ရရှိရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချိတ်ဆက်ရန် အမေရိကန် ဗျူဟာချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ လာမည့် ၄ နှစ် မဟာဗျူဟာ မူဝါဒ စာတမ်းတွင် မြန်မာနိုင်ငံမှ မြေရှားသတ္တု (Rare Earth) ရရှိရေးကို ငြိမ်းချမ်းရေး သံတမန်ရေးရာ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက် ဖော်ပြထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်သည်။

အမေရိကန် အစိုးရသည် ငြိမ်းချမ်းရေး သံတမန်ရေးရာ လမ်းကြောင်းကို အသုံးပြု၍ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးချဲ့ရန်နှင့် မြန်မာ့ရှားပါး သယံဇာတများကို ရယူနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မဟာဗျူဟာ စာတမ်းအရ နိုင်ငံခြားရေးဌာန ထောက်လှမ်းရေး အကြီးအကဲ မိုက်ကယ် ဗန်းစ် (Michael Vance) ကိုယ်တိုင် ပါဝင်သည့် အမေရိကန် တာဝန်ရှိသူများသည် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ် ကျောထောက်နောက်ခံပြု အရပ်ဘက် အစိုးရနှင့် တိတ်တဆိတ် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးမှုများတွင် လက်ရှိ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် ပဋိပက္ခဒေသများမှ မြေရှားသတ္တုများကို အမေရိကန် ကုမ္ပဏီများ ရယူနိုင်ရေး ကိစ္စရပ်များ ပါဝင်သည်။

ယင်း မဟာဗျူဟာ စာတမ်းအရ ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက် ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ဘဏ္ဍာရေး ဖက်ဒရယ်စနစ်နှင့် နယ်မြေ ပိုင်းခြားသတ်မှတ်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်များမှတစ်ဆင့် ရှားပါးသယံဇာတများ ရယူနိုင်ရေးအပြင် အွန်လိုင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် အခွင့်အလမ်းများ ဖန်တီးပေးမည် ဖြစ်သည်။

စီးပွားရေးနှင့် တရားဥပဒေ စိုးမိုးရေး: အမေရိကန် ကုမ္ပဏီများအတွက် ဒေါ်လာ ၅ သန်းအထက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး ၃ ခု ရရှိရေး၊ တရားဥပဒေ စိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရေးတို့ ပါဝင်သည်။

အမေရိကန် အစိုးရအနေဖြင့် မင်းအောင်လှိုင်နှင့် စစ်အုပ်စု အသိုင်းအဝိုင်းပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက် ထားရှိဆဲ ဖြစ်သော်လည်း၊ ဒေါ်နယ်ထရမ့် အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသား အချို့နှင့် ကုမ္ပဏီ အချို့အား ပိတ်ဆို့အရေးယူမှု စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။