ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် AK-47 ကျည်ဆန် သုံးသောင်းကျော် ဖမ်းဆီးရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီး ထိုင်းနိုင်ငံ အရှေ့ပိုင်း ပင်လယ်ပြင်တွင် AK-47 မောင်းပြန်ရိုင်ဖယ် ကျည်ဆန် သုံးသောင်းနှစ်ထောင်ကျော် (၃၂,၄၀၀ တောင့်) ကို စပိဘုတ်ဖြင့် မှောင်ခိုသယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား လေးဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးတို့ကို ထိုင်းအာဏာပိုင်များက နိုဝင်ဘာ ၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

ထိုင်းရေတပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့သည့် အဆိုပါ စပိဘုတ်ပေါ်တွင် တရုတ်အချိုမှုန့်အိတ်များဖြင့် ထုပ်ပိုးထားသည့် ၇.၆၂ မီလီမီတာ ကျည်ဆန် ၁၅ အိတ်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ကမ္ဘောဒီးယားဘက်မှ ထိုင်းနိုင်ငံ တရတ် (Trat) ခရိုင်အတွင်းသို့ ကျည်ဆန်များ သယ်ဆောင်ပေးရန် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ဖြင့် ငှားရမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် လွန်ခဲ့သည့် သြဂုတ်လအတွင်းက AK-47 ရိုင်ဖယ် ၄ လက်နှင့် ကျည်ဆန် ၂၄,၀၀၀ ကျော် မှောင်ခိုကူးမှုနှင့် ဆက်စပ်နေကြောင်း အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ ကျည်ဆန်များကို မည်သည့်နေရာသို့ ပေးပို့ရောင်းချမည်ကို မသိရသေးပေ။