ဘန်ကောက်ရှိ ဖျော်ဖြေရေးဘားတစ်ခု မီးလောင်၊ လူ ၂၇ ဦး သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘား (Bar) တစ်ခုတွင် ယနေ့ ဇူလိုင်လ ၁၃ ရက် တနင်္လာနေ့ အစောပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ထိုင်းသတင်း များတွင် ဖော်ပြထားသည်။

မီးလောင်မှုမှာ ဘန်ကောက်မြို့၊ ချက်တူချက် (Chatuchak) ခရိုင်အတွင်းရှိ လူကြိုက်များသော စားသောက်ဆိုင် နှင့် ဖျော်ဖြေရေးဘားတစ်ခု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင် အဆိုပါ စားသောက်ဆိုင် မီးလောင်နေသည်ကို လမ်းသွားလမ်းလာ ကားမောင်းသမားတစ်ဦးက စတင်တွေ့ရှိခဲ့ပြီးနောက်၊ သန်းခေါင်ကျော်အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များအရ မီးတောက်များသည် ဆိုင်အရှေ့တံခါးမှ အဟုန်ပြင်းပြင်းဖြင့် ပွင့်ထွက်လာခဲ့သည်။

ဆိုင်အတွင်းရှိ လူများသည် အော်ဟစ်ကာ အသက်လု ထွက်ပြေးခဲ့ကြရပြီး အချို့မှာ ခန္ဓာကိုယ်ပေါ်တွင် မီးစွဲကပ် သည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။ မီးသတ်သမားများအနေဖြင့် မီးကို နာရီဝက်အတွင်း ထိန်းချုပ်နိုင်ခဲ့သော် လည်း ထိခိုက်ပျက်စီးမှု အလွန်ကြီးမားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သည့် ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်အရ လက်ရှိ အချိန်အထိ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၈ ဦး အပါအဝင် ရုပ်အလောင်း ၂၇ လောင်း ပြန်လည် ရှာဖွေတွေ့ ရှိထားသည်။

ထို့ပြင် ဒဏ်ရာရရှိသူ ၆၀ ကျော်ကိုလည်း ဆေးရုံများသို့ ပို့ဆောင်ကုသပေးနေရပြီး လူအတော်များများ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီးစတင်လောင်ကျွမ်းချိန်တွင် ဖျော်ဖြေနေသည့် ဂီတပညာရှင်တစ်ဦး၏ ပြောပြချက်အရ မီးမှာ မိန်းခလုတ် (Cut-out switch) မှ စတင်ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မီးခိုးနှင့် မီးတောက် များသည် တစ်ဆိုင်လုံးသို့ ဖုံးလွှမ်းသွားခဲ့သည်။

သေဆုံးသူအများစုမှာ မီးခိုးများကို ရှောင်ရှားရန်အတွက် ဆိုင်အနောက်ဘက်ရှိ အိမ်သာများအတွင်း ဝင်ရောက် ပုန်းအောင်းခဲ့ကြရာမှ ပိတ်မိကာ အသက်ရှူကျပ် သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မီးလောင်ရသည့် အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

Photo:Reuters