လေးကေကော်တွင် တိုက်ပွဲ ပြင်းထန်၊ KNLA ပူးပေါင်းတပ်က နေရာအချို့မှ ယာယီဆုတ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
မြန်မာ – ထိုင်းနယ်စပ်၊ ကရင်ပြည်ရှိ လေးကေကော်မြို့သစ်တွင် စစ်ကော်မရှင်တပ်နှင့် KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ အောက်တိုဘာလ ၉ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင် သတင်းအရင်း အမြစ်များ အရ သိရသည်။
စက်တင်ဘာလ အစောပိုင်းမှ စတင်၍ စစ်ကော်မရှင်တပ်ဖွဲ့များသည် လူအင်အား အလုံးအရင်းဖြင့် မြဝတီမြို့ တောင်ပိုင်းသို့ ထိုးစစ်ဆင်လာခဲ့သည်။
နယ်ခြားစောင့်တပ် (BGF) အဖွဲ့၏ အကူအညီဖြင့် စစ်ကြောင်း ၅ ခုခန့် ပူးပေါင်းကာ လေးကေကော်ကို ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
အောက်တိုဘာလ ပထမအပတ်အတွင်း စစ်တပ်၏ ထိုးစစ်နှင့် လေကြောင်းပစ်ကူများကြောင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့သည် စစ်နည်းဗျူဟာအရ လေးကေ့ကော်မြို့သစ်ရှိ ရပ်ကွက် ၃ မှ ဆေးရုံကုန်းနှင့် ရပ်ကွက် ၅ မှ ရေကန်ကုန်း နေရာတို့မှ ယာယီ ဆုတ်ခွာပေးထားရသည်။
မြေပြင်ထိုးစစ်များအပြင် လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော စစ်ပွဲများက ဆက်လက် ပြင်းထန်နေဆဲဖြစ်၍ ဒေသခံပြည်သူများသည် ကြီးမားသော အသက်အန္တရာယ် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေရသည်။
လက်ရှိ စစ်ရေး အခြေအနေများကြောင့် လေးကေကော်ဒေသနှင့် ဖလူးကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၈ ရွာ ခန့်ရှိ စစ်ဘေးရှောင်ပြည်သူ ၃,၄၀၀ ကျော်မှာ နေရပ်စွန့်ခွာခဲ့ရသည်။
အဆိုပါစစ်ဘေးရှောင်များသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းဘေး တစ်လျှောက်၌ ခိုလှုံနေကြရ သည်။
ထိုင်းစစ်တပ်နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များကလည်း လေးကေ့ကော်ဒေသနှင့် မျက်နှာချင်းဆိုင် နယ်စပ် တစ်လျှောက်တွင် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် တိုးမြှင့်ချထားသည်။
ထို့အပြင် မြန်မာဘက်မှ ထွက်ပြေးလာသော စစ်ရှောင်ပြည်သူများကို ယာယီ လက်ခံထားရှိနိုင်ရန် အတွက် ယာယီနေရာများကိုလည်း စီစဉ်ပေးထားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။