သင်္ကြန်အတွင်း KNU နယ်မြေများတွင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၆ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်။ 

သင်္ကြန်ကာလအတွင်း KNU နယ်မြေများတွင် စစ်အစိုးရတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးကာ နေအိမ်နှင့် ကျောင်းများစွာ ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်သည်။ 

မြန်မာ့ရိုးရာသင်္ကြန်ကာလ ၄ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေဖြစ် သည့် ဖာပွန် (မူတြော်) ခရိုင်အတွင်း စစ်အစိုးရတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၆ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အတည်ပြု ထုတ်ပြန်ထားသည်။

ဧပြီလ ၁၃ ရက်နေ့ (အကြိုနေ့) မှ ၁၆ ရက်နေ့ (အတက်နေ့) အထိ စစ်အစိုးရတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ကျေးရွာများကို ဂျက်ဖိုက်တာများနှင့် Y-12 လေယာဉ်များအသုံးပြု၍ နေ့စဉ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

အထူးသဖြင့် ဧပြီလ ၁၅ ရက်နေ့တွင် ခဲပါထကျေးရွာအား ဗုံးကြဲခဲ့သဖြင့် အရပ်သား ၄ ဦး သေဆုံးကာ နေအိမ် ၂၁ လုံးနှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ရသည်။

ယခုတိုက်ခိုက်မှုများသည် လူထုကိုသာ သီးသန့်ပစ်မှတ်ထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ပြောရေး ဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက သတင်းမီဒီယာများကို ပြောဆိုထာသည်။

ထို့ပြင် ဧပြီလ ၁၂ ရက်နေ့က ဦးမယ်ထာဆေးရုံအား ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်ခဲ့သကဲ့သို့၊ ဧပြီလ ၁၄ ရက်နေ့တွင်လည်း မူတြော်ဂျူနီယာကောလိပ် (Mutraw Junior College) ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးခဲ့ သည်။ 

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက သင်္ကြန်တွင်းမှာလည်း ဆက်တိုက်ပဲ ဗုံးကြဲနေတာ။ သူတို့က စာသင်ကျောင်းတွေ၊ ဆေးရုံတွေကိုပဲ ရွေးပြီး ကြဲနေတာ။ ရွာလုံးကျွတ်နီးပါး ပြာကျကုန်ပြီ ဟု ပြော သည်။

အလားတူ မြဝတီမြို့တောင်ပိုင်းရှိ မင်းလက်ပံကျေးရွာတွင်လည်း ဝေါလေဗျူဟာသို့ စစ်ကူပို့ရန် ကြိုးစားသည့် စစ်အစိုးရတပ် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေသည်။ 

စစ်အစိုးရတပ်ဘက်က အသေခံဒရုန်းများနှင့် မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်နေသဖြင့် မင်းလက်ပံကျေးရွာ အတွင်းရှိ နေအိမ် ၁၄ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

KNU ဗဟိုက ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး စစ်အစိုးရတပ်၏ လုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း ရှုတ်ချထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား မိမိတို့၏ စိုးရိမ် ပူပန် မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်း အကောင် အထည်ဖော် ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တားဆီးကာကွယ်မှုများကို လုပ်ဆောင်ရန် တိုက်တွန်းသည်။ ထိုသို့ ထင်ရှားသည့် ဥပဒေချိုး ဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန် အတွက် အားပေးကူညီရာရောက်မည်ဖြစ်သည် ဟု ဖော်ပြပါရှိသည်။

လက်ရှိတွင် နှစ်ဖက်စစ်ရေး အခြေအနေမှာ သင်္ကြန်အပြီးတွင် ပိုမိုတင်းမာလာနိုင်သည့် အနေအထားရှိနေပြီး စစ်အစိုးရတပ် အနေဖြင့် အရပ်သားပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းအပေါ် နိုင်ငံတကာက မျက်ကွယ်မပြုရန် KNU က တောင်းဆိုထားသည်။