ရခိုင်ရှိ AA ထိန်းချုပ်နယ်မြေများကို စစ်တပ် ဗုံးကြဲ၊ စက်တပ်လေထီးများဖြင့် စစ်ပြင်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ရခိုင်ပြည်အတွင်း တရစပ် စစ်ရှုံးနေသည့် စစ်တပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များ ကို လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
တစ်ဖက်တွင်လည်း လာမည့် မိုးရာသီစစ်ဆင်ရေးအတွက် စက်တပ်လေထီးနှင့် ဂျိုင်ရိုကော်ပတာ (Gyrocopter) များကိုပါ အသုံးပြုရန် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာနေကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။
ယနေ့ ဇွန် ၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်ကစတင်ပြီး AA ထိန်းချုပ်ထားသည့် တောင်ကုတ်မြို့နယ်၊ ကင်းတောင်နှင့် ဆားပြင်ကျေးရွာအနီးတစ်ဝိုက်သို့ စစ်တပ်က ဂျက်ဖိုက်တာ ၆ စီး၊ Y-12 ထောက်ပို့လေယာဉ် ၂ စီးတို့ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းရန်ကြောင့် ကျေးရွာအချို့ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထိတ်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
တောင်ကုတ်ဒေသခံတစ်ဦးက “၉ နာရီခွဲလောက်မှာ ဗုံးကြဲတာပါ။ ဂျက်ဖိုက်တာရော၊ Y-12 နှစ်စီးနဲ့ပါ ဗုံးကြဲ နေတာဆိုတော့။ ကိုယ်တို့ဆီမှာတော့ အမြဲသတိနဲ့နေရတယ်။ လေယာဉ်သံအမြဲ သတိထားပြီး နားထောင်နေ ရတာ။ တောက်လျှောက်ကို ပစ်နေတာဆိုတော့ဗျာ” ဟု ပြောသည်။
စစ်တပ်၏ ယခုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို သတင်းမီဒီယာများက သီးခြားအတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အာရက္ခတပ်တော် (AA) သည် တောင်ကုတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက သိမ်းပိုက်ထိန်း ချုပ်ထားခြင်းဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း ရမ်းဗြဲ-ကျောက်ဖြူအစပ် ပိန္နဲတောင်ဦးအနီး လမ်းပြင်နေသည့် နေရာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၂ စီးဖြင့် ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့သဖြင့် ဘတ်ဟိုးမောင်းသူ အပါအဝင် အရပ်သား ၃ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ရမ်းဗြဲဒေသခံတစ်ဦးက “အဲဒီနေရာက သွားရလာရ အဆင်မပြေတော့ အများပြည်သူ သွားလို့ရအောင် လမ်း ပြန်ပြင်နေကြတာ။ စစ်တိုက်နေတဲ့ နေရာလည်း မဟုတ်ဘူး။ ဒီလိုလမ်းလုပ်နေတဲ့ အချိန်ကြီး ဗုံးနဲ့ လာချတာ။ ကုန်းပေါ်ကလူတွေတင်မကဘူး ဘေးနားက ဖြတ်သွားဖြတ်လာတွေပါ မှန်ကုန်တာ” ဟု ပြောသည်။
ထို့ပြင် မေလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်း၌ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာအနီးကိုလည်း စစ်လေယာဉ် ၄ စီးဖြင့် ဗုံးကြဲခဲ့သလို၊ ကျောက်ဖြူမြို့နယ် စနဲမြို့တွင်လည်း တောင်မော်ဦးရေတပ်စခန်းမှ ဒရုန်းများဖြင့် ရက် ဆက်ဗုံးကြဲနေသဖြင့် လူနေအိမ်ခြေများစွာ မီးလောင်ပျက်စီးပြီး သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ ရသည်။
တစ်ဖက်တွင်လည်း စစ်တပ်သည် ရခိုင်ဒေသ၌ ၎င်းတို့နောက်ဆုံးလက်ကျန် ထိန်းချုပ်ထားနိုင်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များကို AA လက်ထဲမကျစေရန် အသည်းအသန် ခုခံနေရသည်။
အထူးသဖြင့် ရခိုင်ဒေသ၏ မိုးရာသီရာသီဥတုကြောင့် လေယာဉ်နှင့် ဒရုန်းကြီးများ ပျံသန်းရန် ခက်ခဲလာမည့် အခြေအနေကို တွက်ချက်ကာ၊ စစ်တပ်သည် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် ဂျိုင်ရိုကော်ပတာ (Gyrocopter) နှင့် ပါရာမိုတာ (Paramotor) ခေါ် စက်တပ်လေထီးအမြောက်အများကို မေလ ၂၅ ရက်နေ့မှ စတင်ကာ အပြင်းအထန် လေ့ကျင့်ပျံသန်းနေကြောင်း ဒေသခံများက ဆိုသည်။
ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “လေထီးတွေက ကောင်းကင်မှာ သုံးရက်လောက် ဆက်တိုက်ပဲ ဝဲပြီး ပျံနေကြတာ။ ကြားရသလောက်တော့ မိုးတွင်းကျရင် လေယာဉ်ကြီးတွေ ပျံရခက်လို့ မြေပြင်အခြေအနေ လိုက်ကြည့်ဖို့နဲ့ အပေါ်ကနေ ဗုံးချဖို့အတွက် ဒါတွေနဲ့ ကြိုအစမ်းလေ့ကျင့်နေကြတာလို့ ပြောကြတယ်” ဟု ဆိုသည်။
စစ်တပ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ကျောက်ဖြူတိုက်ပွဲများတွင် စက်တပ်လေထီး (Paramotor) များကို အသုံးပြုခဲ့ပြီး ယခုအခါ မိုးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဂျိုင်ရိုကော်ပတာများကိုပါ ထပ်မံ ဖြည့်စွက်ကာ လေကြောင်းကင်းထောက်ခြင်းနှင့် တိုက်ခိုက်ရေးအတွက်ပါ အသုံးပြုရန် ပြင်ဆင်နေခြင်း ဖြစ်နိုင် သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် စစ်တပ်သည် ၎င်းတို့ ထိန်းချုပ်ဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့အပြင် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့မှတစ်ဆင့် ရခိုင်ဒေသကို ပြန်လည်စိုးမိုးရေးအတွက် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလျက်ရှိသည်။