ရခိုင်တောင်ပိုင်း ကမ်းခြေမြို့များသို့ စစ်သင်္ဘောများ ချဉ်းကပ်ပစ်ခတ်၊ ဒေသခံ ထိခိုက်မှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

ရခိုင်ပြည်တောင်ပိုင်း သံတွဲနှင့် ဂွမြို့နယ်ရှိ ကမ်းခြေဒေသများသို့ စစ်အုပ်စု၏ စစ်သင်္ဘောများ ချဉ်းကပ်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုများ ကြုံတွေ့နေရသည်။

စစ်တပ်သည် စစ်သင်္ဘော (၄) စီးဖြင့် ဂွကမ်းခြေတစ်လျှောက်နှင့် သင်္ဘော (၃) စီးဖြင့် သံတွဲမြို့ မောင်ရွှေလေး ကမ်းခြေတစ်လျှောက်တွင် နေရာယူထားပြီး အရပ်သားပြည်သူများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိသည်။ 

ဇူလိုင် ၈ ရက် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီကျော်အထိ စစ်တပ်သည် ဂွကမ်းခြေနှင့် ဧရာဝတီတိုင်း ဘောမိ ကမ်းခြေတစ်လျှောက်တွင် မရပ်မနား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်များ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 

ဂွမြို့ဒေသခံ ပရဟိတသမားတစ်ဦးက ကုန်ခဲ့တဲ့အပတ်က ဂွကမ်းခြေနဲ့ သံတွဲကမ်းခြေကို နေဗီတွေ ကပ်လာ တယ်။ အဲ့ဒါကြောင့် တပ်တော်က ကမ်းခြေကရွာတွေမှာ မနေဖို့နဲ့ ငါးမဖမ်းဖို့ တားထားတယ်။ အဲ့လိုအခြေ အနေမှာ ကျိန္တလီမြို့ပေါ်နဲ့ စေတီကွင်းကို နေဗီနဲ့ပစ်တယ်။ ဂွမြို့နယ်အစပ်တွေကို ဗုံးကြဲတယ် ဟု ပြောသည်။

အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်များအရ အဆိုပါဒေသရှိ စစ်တပ်၏ ကာကွယ်ရေးစခန်းကုန်းများမှာ တစ်ခုပြီးတစ်ခု ကျဆုံးလျက်ရှိပြီး တပ်ဖွဲ့ဝင်များမှာလည်း အထိအခိုက်အကျအဆုံးများစွာနှင့် နေ့စဉ်ရက်ဆက် ရင်ဆိုင်နေရသည်။ 

ရှုံးနိမ့်မှုများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်သည် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို မယှဉ်နိုင်တော့ဘဲ နောက်ဆုတ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်က မြေပြင်က သူတို့တက်မလာနိုင်ဘူး ဒါပေမဲ့ ဂွကို ထိုးစစ်စနေပြီ မကြာခင် ရမယ်လို့ သတင်းတွေထွက်နေတယ်။ အမှန် အကန်ကတော့ စစ်ကြောင်းထိုးတာ ဟုတ်တယ်၊ ရိုးမကိုတောင် မကျော်နိုင်တော့ လေကြောင်းနဲ့ ပင်လယ်က ဒုက္ခပေးနေတာ ပါ။ အခုစစ်တပ်ဟာ ဧရာဝတီတိုင်းထဲမှာပဲ ကာကွယ်နေရတာပါ၊ ရခိုင်ကိုရောက်ဖို့ မရှိသေးပါဘူး ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ မရတနာထွန်း (၅ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နှင့် ဒေါ်မိဝိုင်း (၅၀ နှစ်) တို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် ကျိန္တလီမြို့ သဇင်လမ်းနှင့် နှင်းဆီလမ်း၊ စေတီကွင်းရွာတို့သို့ လက်နက်ကြီးကျည် အလုံး (၂၀) ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်တပ်သည် ဇူလိုင် ၇ ရက်နေ့၊ ည ၁၀ နာရီကျော်နှင့် ၁၁ နာရီခွဲခန့်တွင်လည်း ဂွမြို့နယ်အား ဂျက်ဖိုက်တာ (၂) စီးဖြင့် နှစ်ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့သေးသည်။ 

ရခိုင် – ဧရာဝတီအစပ် တိုက်ပွဲများအတွင်း စခန်းကုန်းများ ဆုံးရှုံးနေရပြီး အထိအခိုက်များနေသော စစ်တပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားနေထိုင်ရာ နေရာများကို လေကြောင်းနှင့် ရေကြောင်းမှ ဦးတည် ပစ်ခတ် တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်။

(AA) ၏ ထုတ်ပြန်ချက်တွင်မူ စစ်တပ်သည် စစ်ရေးအရ ရှုံးနိမ့်နေသည့်အတွက် ပြည်သူလူထုအား အကြမ်းဖက် တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ စစ်တပ် လူမဆန်သော လုပ်ရပ်များအား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်တပ်၏ ပစ်မှတ်ထား တိုက် ခိုက်မှုများကို သတိပြုရှောင်ရှားကြရန် သတိပေးထားသည်။