တိုက်ပွဲ ပြင်းထန်လာသည့် ရှမ်း – ကရင်နီ နယ်စပ်တွင် အရပ်သားနေရာများသို့ ဒရုန်းဖြင့်ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနီးနှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်တပ်က စစ်မှုထမ်းအသစ်များအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဇူလိုင် ၆ ရက်မှစ၍ ယနေ့ချိန်ထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

ဖယ်ခုံမြို့နယ် လွယ်ယင်းမင်္ဂလာကျေးရွာဘက်သို့ ဝင်ရောက်လာသော တပ်ဖွဲ့များကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်က အထိနာနေပြီး လက်နက်ခဲယမ်းနှင့် ကင်းထောက်ဒရုန်းများပါ သိမ်းဆည်းရမိထားသည်ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု သည်။ 

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက လွယ်ယင်းမင်္ဂလာဘက်မှာ တိုက်ပွဲဖြစ်နေတာ၊ ၆ ရက်၊ ၇ ရက်နေ့၊ ၈ ရက်နေ့ အထိပေါ့နော်။ တော်တော် ပြင်းထန်တယ်။ ထိတွေ့မှုဖြစ်လိုက် အထိနာပြီး ပြန်ဆုတ် လိုက် နဲ့ ပြန်တက်လာလိုက်နဲ့ နေ့တိုင်းဖြစ်တာပါဟု ပြောသည်။

စစ်တပ်သည် ရှုံးနိမ့်မှုများအတွက် ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်ကော်နှင့် ငွေတောင်ဘက်ရှိ တပ်ရင်းများမှ အင်အား ဖြည့်တင်းကာ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တန်ပြန်ထိုးစစ်ဆင်လျက်ရှိသည်။

ထိုကဲ့သို့ တိုက်ပွဲများအတွင်း စစ်တပ်က အရပ်သားနေထိုင်ရာ ဒေသများကိုပါ ပစ်မှတ်ထားလာခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။ 

ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ စစ်တပ်၏ ကာမီကာဇေ (Kamikaze) အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

ဒရုန်းကျတာက နေ့လည်ပိုင်းအချိန်မှာ ဟုတ်တယ်။ ဟိုဘက်ကနေလာတာ ရွှီး… ဒိုင်း ဆိုပြီး တခါတည်း ကျလာ တာ။ အသံကတော့ တော်တော်ကျယ်တယ်။ လူထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် အကုန်လုံးတော့ လန့်ကုန် တာပေါ့နော်။

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု မရှိခဲ့သော်လည်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက် နေမှုများ ကြောင့် ပြည်သူများ လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

မိုးဗြဲမြို့ ပတ်ဝန်းကျင်ဒေသများတွင် တိုက်ပွဲများမှာ မြေပြင်ထိုးစစ်အပြင် လေကြောင်းမှပါ ပြင်းထန်စွာ ထိုးစစ် ဆင်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ 

ဇူလိုင် ၂ ရက်နေ့က လွယ်ယင်းမင်္ဂလာရွာနှင့် လက်ဝါးကားတိုင်တောင်တွင် ရှေ့တိုးရန်ပြင်နေသည့် စစ်တပ် စစ်ကြောင်းကို ဖယ်ခုံ PDF၊ မိုးဗြဲ PDF နှင့် Falcon Wings ဒရုန်းတပ်ဖွဲ့တို့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် က ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဇွန်လ ၂၈ ရက်က ဒီးမော့ဆို နန်းမယ်ခုံသို့ ဦးတည်နေသည့် လွိုင်ကော် – မိုးဗြဲ ကြားရှိ ကာကင်းစခန်းများ ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်ချေမှုန်းခဲ့ရာ စစ်တပ်ဘက်မှ အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် အတူ စစ်သုံ့ပန်းများပါ ဖမ်းဆီးရမိခဲ့သည်။ 

မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်သည် လူထုရှိရာနေရာများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် အထူးသတိပြုကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့မှုများကို ဂရုပြုနားထောင်ကြရန် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်က တိုက်တွန်းထားသည်။