ကရင်နီတွင် စစ်တပ်က အရပ်သားများကို ဒရုန်းဖြင့် ပစ်မှတ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ရှမ်း-ကရင်နီအစပ်နှင့် ကရင်နီပြည်တွင် စစ်အုပ်စုတပ်သည် စစ်ဘေးရှောင်စခန်းများ၊ ကျေးရွာများ၊ စာသင် ကျောင်းများနှင့် စိုက်ပျိုးရေးခင်းများကို အသေခံဒရုန်းနှင့် လေကြောင်းသုံး၍ ပစ်မှတ်ထား ဆက်တိုက် တိုက်ခိုက် နေသည်ဟု ဒေသခံများနှင့် စစ်ရှောင်များက ပြောသည်။

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်သည် မြေပြင်၌ ရှေ့မတိုးနိုင်ဘဲ အထိနာနေသောကြောင့် လေကြောင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများကို ပိုမို ခပ်စိပ် စိပ် ပြုလုပ်လာခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင်လည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) ရှိ ကျေးရွာတစ်ရွာသို့ စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး ဦးခေါင်းနှင့် နောက်ကျောတို့တွင် ဒရုန်းဗုံးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက စစ်အုပ်စုတပ်က နေသာတဲ့ရက်ဆို နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ ကင်းထောက်တာတွေ၊ တောင်ယာလုပ်ငန်းခွင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတာပါ။ အခု ရက်က တောင်ယာပေါင်းရှင်းရမယ့် ရာသီဖြစ်ပေမဲ့ လုံခြုံရေးအရ ခင်းထဲမသွားရဲကြတော့ သီးနှံတွေ ပျက်စီး မှာ သေချာနေသလို ရှေ့ဆက် စားနပ်ရိက္ခာ အခက်အခဲတွေပါ ကြုံလာရနိုင်ပါတယ် ပြောသည်။

ထို့ပြင် ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ရှိ ဝါရီဆူးပလိုင်ကျေးရွာ၌ စက်တင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်တွင် စစ်ဘေးရှောင်စခန်းမှ ထင်းသယ်ရန် ရွာအတွင်းသို့ ခဏပြန်လာသည့် အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးမှာ စစ်အုပ်စုတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ ရသည်။

မိုးဗြဲဒေသခံတစ်ဦးက ဝါရီဆူးပလိုင်ရွာနားထိ စစ်တပ်စစ်ကြောင်း မရောက်သေးပေမဲ့ လက်နက်ကြီးနဲ့ အဝေး ကနေ ခကြာခဏ လှမ်းပစ်နေတာပါ။ ဒရုန်းတွေလည်း နေ့တိုင်း ဝဲနေတော့ ရွာထဲ ခဏပြန်တာတောင် အသက် အန္တရာယ် ရှိနေတယ် ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ကလေးကျောင်းကို စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကစားနေသည့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင်၊ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး ဒရုန်းကျရောက်မှုကြောင့် KNDF တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ ရသည်။

စက်တင်ဘာလဆန်းပိုင်းမှစ၍ ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲနှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်အုပ်စုတပ်၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်သည်။

စစ်ရေးတင်းမာမှုနှင့် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် စစ်အုပ်စုတပ်၏ ကင်းထောက်ဒရုန်းနှင့် အသေခံဒရုန်းများ အသုံးပြုမှု ခပ်စိပ်စိပ် ရှိနေသဖြင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအနေဖြင့် လူစုလူဝေးပွဲများ ပြုလုပ်ခြင်းကို ရှောင်ရှားကြရန်နှင့် လေကြောင်းအန္တရာယ် သတိထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက နှိုးဆော်ထားသည်။

ထို့ပြင် မိုးဗြဲ PDF ကလည်း လုံခြုံရေးအခြေအနေအရ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်း တောင်ခြေ၊ ခေါင်းစံလမ်းနှင့် သွားလာခွင့် ပိတ်ပင်ထားသည့် လမ်းကြောင်းများသို့ ဖြတ်သန်းသွားလာခြင်း မပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – Crd