စစ်တပ်က ကရင်နီ စစ်ရှောင်စခန်းကို မီးရှို့

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။ 

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံ ၁,၀၀၀ ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဖရူဆိုမြို့နယ်အရှေ့ခြမ်းသို့ စစ်တပ် လက်အောက်ခံ တပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ဘေးရှောင် စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံရွာသူရွာသား ၁,၀၀၀ ကျော်မှာ ဘေးလွတ်ရာ တောတောင်များ အတွင်းသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni နှင့် ဒေသခံများက ပြောသည်။ 

စစ်ဘေးရှောင်တစ်ဦးက စစ်တပ်က သေနတ်တွေ ပစ်ပြီး ဝင်လာတော့ အားလုံးက လန့်ပြီး ကိုယ်လွတ် ရုန်း ပြေးခဲ့ရတာ။ ပစ္စည်းယူချိန် မပြောနဲ့ ဘာမှကို မယူလိုက်ရဘူး။ ဘာပစ္စည်းမှ ယူချိန်ကို မရလိုက်ဘူး။ အချိန်မီ မပြေးနိုင်တဲ့သူတွေကိုလည်း ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ် ဟု ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသခံ ၂၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပြီးနောက်၊ ယခုမေလ ၁၁ ရက်နေ့တွင် နောက်ထပ်ဒေသခံ ၁,၀၀၀ ကျော်မှာလည်း စစ်ကြောင်းအန္တရာယ်ကြောင့် ထပ်မံထွက်ပြေးနေကြရခြင်း ဖြစ်သည်။

မေလ ၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဖရူဆိုမြို့နယ်ရှိ ဝှယ်ဒူးလျားစစ်ရှောင်စခန်းသို့ စစ်တပ်စစ်ကြောင်း က သေနတ်များပစ်ဖောက်ကာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ရှောင်တဲအိမ်များနှင့် ယာဉ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစခန်းတွင် အိမ်ခြေ ၆၈ အိမ်ရှိပြီး လူဦးရေ ၃၀၀ ကျော် ခိုလှုံနေခြင်းဖြစ်ကာ မီးရှို့မှုကြောင့် လူနေတဲအိမ် တစ်ဝက်နီးပါး ပြာကျပျက်စီးသွားခဲ့သည်။

ထို့ပြင် မေလ ၉ ရက်နေ့ ညနေပိုင်းတွင်လည်း ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် (၁၄) တန်းမြင့် စစ်ရေးလေ့ကျင့် ရေး ကျောင်းမှနေ၍ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၉ လုံးခန့် ပစ်ခတ်ခဲ့ရာ အသက် ၉၀ အရွယ် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။ 

လတ်တလောတွင် စစ်တပ် စစ်ကြောင်းများသည် ဖရူဆိုအရှေ့ခြမ်းရှိ ကျေးရွာများအနီးတွင် တပ်စွဲထားဆဲ ဖြစ် ပြီး အချို့သော ဒေသခံများမှာ ကျေးရွာများအတွင်း ပိတ်မိနေဆဲဖြစ်သည်ဟု CTER-Karenni အဖွဲ့က အသိပေး ထားသည်။

စစ်ရှောင်များကို အကူအညီပေးနေသူတစ်ဦးက လက်ရှိမှာ စစ်ရှောင်တွေက တောတောင်တွေထဲမှာပဲ ယာယီ ခိုလှုံနေကြရတယ်။ နေရာထိုင်ခင်း အနည်းငယ်ရပေမယ့် စားနပ်ရိက္ခာကတော့ အရမ်းကို လိုအပ်နေပါတယ်။ လုံခြုံရေး အခြေအနေကြောင့် လူသားချင်းစာနာမှု အကူအညီတွေကလည်း အခုထိ သူတို့ဆီ မရောက်နိုင် သေး ဘူး။ ချိတ်ဆက်ပေးနေတုန်းပဲဗျ ဟု ပြောသည်။

လက်ရှိတွင် လုံခြုံရေးစိုးရိမ်ရမှုကြောင့် စစ်ဘေးရှောင်ပြည်သူများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များ ရောက်ရှိနိုင်ခြင်း မရှိသေးဘဲ အရေးပေါ်ရိက္ခာများ အထူးလိုအပ်နေသည်။ 

CTER အဖွဲ့က ထိခိုက်ခံရသည့်နယ်မြေများသို့ သွားရောက်ရန် ကြိုးပမ်းနေသော်လည်း အချို့နေရာများတွင် လမ်းကြောင်းများ ပိတ်ဆို့နေဆဲဖြစ်သည်ဟု မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။။

ဖရူဆိုမြို့နယ်အတွင်း၌ ခမရ (၅၃၁)၊ ခမရ (၄၂၈) နှင့် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းတို့မှ တပ်ရင်းများက ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာနေခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်များက ပြောသည်။

ကရင်နီလူမှုအသင်းအဖွဲ့များ၏ စာရင်းအရ ပြည်နယ်အတွင်းရှိ လူဦးရေ ၄ သိန်းဝန်းကျင်အနက် ၃ သိန်းနီးပါးမှာ စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ဆိုသည်။ 

ဓါတ်ပုံ – CTER-Karenni