မေလ ပထမပတ်အတွင်း ထိုင်းသို့ တရားမဝင် လာရောက်သူ အလုပ်သမား ၁၅၀ ကျော် ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်။ 

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံနေရပြီး မေလ ပထမပတ်အတွင်း အယောက် ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်အကိုင်ရှားပါးမှုနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာ စိုးရိမ်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း သို့ မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၅၀ ကျော်ကို မေလ ပထမပတ် အတွင်း၌ ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

အကြီးမားဆုံး ဖမ်းဆီးရမိမှုမှာ ဖိစ်စုနုလုခ်ခရိုင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၇ ရက်နေ့၊ ညပိုင်းတွင် အမှတ် ၁၁ လမ်းမကြီးပေါ်၌ မောင်းနှင်လာသည့် ပစ်ကပ်ကား ၁၀ စီးခန့်ကို စစ်ဆေးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ 

ထိုစဉ်က အချို့ကားများမှာ မောင်းနှင်ထွက်ပြေးခဲ့သော်လည်း အာဏာပိုင်များက မေလ ၈ ရက်နေ့၊ နံနက်အထိ နီးစပ်ရာတောများအတွင်း လိုက်လံရှာဖွေခဲ့ရာ မြန်မာလုပ်သား ၁၁၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလုပ်သမားအရေး လိုက်လံဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက သူတို့ စဝင်လာကတည်းက ကားတန်း အရှည်ကြီးပဲလေ။ ပစ်ကပ်ကားနဲ့ကို လူအပြည့်တင်လာတာဆိုတော့ ဘယ်သူက မစစ်ဘဲနေမလဲ။ တောလမ်းက သွားတာလည်း မဟုတ်ဘူး။ အခုတော့ မိပြီလေ။ ဒီချိန် အောက်လမ်းကလာရင် လမ်းကြောင်း သေချာစုံစမ်းကြ ပါ။ ဖြစ်နိုင်ရင် အပေါ်ကပဲ လာစေချင်တယ်။ ပွဲစားတွေကတော့ ပိုက်ဆံရရင်ပြီးရော နှပ်ချခဲ့မှာပဲ ဟု ပြောသည်။

ထို့ပြင် မေလ ၆ ရက်နေ့တွင် တာခ့်ခရိုင်၊ တာ့ဆောင်ယန်းမြို့နယ်၌ မြန်မာလုပ်သား ၁၉ ဦး၊ မေလ ၄ ရက်နေ့တွင် အဆိုပါမြို့နယ်အတွင်း၌ပင် ၁၁ ဦးနှင့် မေလ ၃ ရက်နေ့တွင် အယုဒ္ဓယခရိုင် အာရှလမ်းမကြီးပေါ်၌ ၉ ဦး စုစုပေါင်း မြန်မာလုပ်သား ၁၅၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အခြားအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးကလည်း ဒီနောက်ပိုင်းတော့ မဲဆောက်ဘက်က တအားဖမ်း တော့ တခြားလမ်းကြောင်း ပြန်ဝင်ကြတယ်။ အဲဒါလည်း မိတာပဲ။ ကျနော်ကတော့ မစွန့်စားစေချင်ဘူး။ မြန်မာငွေ အနည်းဆုံး သိန်း ၄၀ လောက်ကုန်တာလေ။ မိရင်လည်း ပလုံမှာ။ မလုပ်ကြပါနဲ့ ဟု ဖြည့်စွက် ပြောဆိုသည်။

ပွဲစားများ၏ အဆိုအရ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ (မြန်မာငွေ ၂၆ သိန်းကျော်မှ သိန်း ၄၀ ခန့်အထိ) ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။ 

မွန်ပြည် လူ့အခွင့်ရေးဖောင်ဒေးရှင်း (HURFOM) ၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလတာအတွင်း တရားမဝင် မြန်မာလုပ်သား ၉၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ဖြစ်သည်။

မြန်မာပြည်တွင်းရှိ စီးပွားရေးကျဆင်းမှု၊ ကုန်ကြမ်းရှားပါးမှုနှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်စာများကြောင့် ဖမ်းဆီးမှုများပြားနေသော်လည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသူဦးရေမှာ နေ့စဉ်နှင့်အမျှ တိုးများလာနေသည်။