သံရုံးထောက်ခံစာယူရသည့်အတွက် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်။
ပြည်ပရောက် မြန်မာလုပ်သားများ နေရပ်သို့ ခွင့်ဖြင့်ပြန်လာရာတွင် သက်ဆိုင်ရာသံရုံး၏ ထောက်ခံချက် ပါရှိမှ သာ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဆိုသည့် စစ်အုပ်စု၏ ကန့်သတ်ချက်အသစ်သည် အလုပ်သမားများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အဂတိလိုက်စားမှုနှင့် လူကုန်ကူးမှုများကို ပိုမိုအားကောင်းလာစေနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဝေဖန်ထောက်ပြလိုက်သည်။
စစ်အုပ်စု လက်အောက်ခံ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသည် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် အဆိုပါ ညွှန်ကြားချက်ကို စတင်ထုတ်ပြန်ခဲ့ပြီး၊ မေလ ၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများအနေဖြင့် အလုပ်ရှင်၏ ခွင့်ပြုစာအပြင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးတို့၏ စိစစ်ထောက်ခံချက်ကိုပါ တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်သည်။
အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးတွင် မေလ ၅ ရက်နေ့မှ စတင်ကာ အဆိုပါထောက်ခံစာကို စတင်လျှောက်ထားရမည် ဖြစ်သည်။
ထိုကန့်သတ်ချက်ကြောင့် ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ယခုကဲ့သို့ သုံးသပ်ပြောသည်။
“အလုပ်ရှင်အများစုက သူတို့အလုပ်သမားတွေကို ခွင့်ပြန်တာတို့ ဘာတို့ဆိုတာ ပေးလေ့ပေးထမျိုးက သိပ် မရှိ ဘူး။ ခဏတဖြုတ်ပဲဆိုတော့ အဲ့ဒါကလည်း အလုပ်ရှင်နဲ့ ပြဿနာရှိနိုင်တယ်။ နောက် သံရုံးမှာ ထောက်ခံစာ ယူရမယ်ဆိုတော့ သူတို့ Online စနစ်ကလည်း ယူရမယ်လို့လည်း မပြောထားဘူး။ ကျနော်တို့ နားလည်တာက သံရုံးမှာ လာယူရမယ်ဆိုတော့ အလုပ်သမားတွေက ဒီဘန်ကောက်မှာချည်းပဲ အလုပ်လုပ်တာ မဟုတ်ဘူးလေ။ ဆိုတော့ အလုပ်သမားတွေ အနေနဲ့ကတော့ ပိုပြီးတော့ ခက်ခဲလာမယ်၊ ကုန်ကျစရိတ်တွေ ပိုများလာမယ်၊ ပွဲစားတွေကို ပိုပြီးတော့ မှီခိုရမယ်လို့ ကျနော်အနေနဲ့ ပြောချင်တယ်။”
သံရုံးထောက်ခံစာကြေးအဖြစ် ၁၅၀ ဘတ် ပေးသွင်းရမည်ဟု သတ်မှတ်ထားသော်လည်း ဘဏ်တွင် ချလန် သွင်းရခြင်းနှင့် သံရုံးသို့ လူကိုယ်တိုင်သွားရောက်ရမည်ဖြစ်ခြင်းတို့ကြောင့် နယ်ဝေးရှိ အလုပ်သမားများအတွက် ငွေကြေးနှင့် အချိန်ကုန်ကျမှု ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာစေသည်။
ထို့ပြင် အလုပ်ရှင်ထံမှ ခွင့်ပြုစာတောင်းရမည့် အချက်သည် အလုပ်သမားများ၏ နေရပ်ပြန်ခွင့်ကို အလုပ်ရှင်က စိတ်ကြိုက်ထိန်းချုပ်နိုင်သည့် အခြေအနေ ဖြစ်သွားစေသည်ဟု ဝေဖန်မှုများ ရှိနေသည်။
အလားတူ ယခုလုပ်ရပ်သည် အလုပ်သမားများအပေါ် နည်းလမ်းမျိုးစုံဖြင့် အကြပ်ကိုင်ခြင်းသာဖြစ်ကြောင်း ရခိုင်အလုပ်သမားများ အဖွဲ့ (AWO) ၏ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။
“ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို ဖြေရှင်းဖို့ ဥပဒေအရ ကာကွယ်ပေးဖို့တော့ မစဉ်းစားပဲနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဆီက နည်းလမ်းပေါင်းစုံနဲ့ ပိုက်ဆံကလည်းယူသေးတယ် လွတ်လပ်စွာ ခရီးသွားလာခွင့်ကို လည်း ပိတ်ပင်တယ်။ ဒါတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့က ရှေ့ဆက်ပိုပြီးတော့ စိုးရိမ်စရာတွေ ပိုများလာတယ်။”
ထို့အပြင် “ဒါတွေက ကျနော်တို့ လက်ခံလို့ မရဘူးပေါ့။ ကမ္ဘာမှာလည်း မရှိတဲ့ နည်းလမ်းတွေပေါ့။ သက်သက် အကြပ်ကိုင်တဲ့ နည်းလမ်းဖြစ်တယ်ပေါ့။ အလုပ်သမားတွေ အနေနဲ့လည်း တတ်နိုင်ရင် မပြန်တာတော့ အကောင်းဆုံးပေါ့။ အခြားတစ်ဖက်မှာလည်း ဒီဟာတွေကို ဆက်ပြီးတော့ မလုပ်ဖို့ တိုက်တွန်းရမှာ ကျနော်တို့ တာဝန်ပေါ့နော်” ဟု ကိုနိုင်အောင်အောင်က ဆက်ပြောသည်။
စစ်အုပ်စု၏ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကမူ ယခုကန့်သတ်ချက်သည် အလုပ်သမားသစ်များက ခွင့်ပြန် လုပ်သားအဖြစ် အသွင်ဆောင်ကာ တရားမဝင်ထွက်ခွာခြင်းကို တားဆီးရန်ဖြစ်သည်ဟု အကြောင်းပြထား သည်။
သို့သော် ဦးထူးချစ်ကမူ ယခုကဲ့သို့ တင်းကျပ်မှုများသည် အဂတိလိုက်စားမှုကိုသာ လမ်းဖွင့်ပေးရာရောက် နေကြောင်း ထောက်ပြသည်။ “အခုလိုမျိုး ပြဋ္ဌာန်းချက်တွေက ကျနော်တို့ တရားမဝင် ရွှေ့ပြောင်း အလုပ် သမားတွေ ပိုပြီးတော့ များသွားစေတယ်။ နောက်ပြီးတော့ အစိုးရဝန်ထမ်း အဆင့်ဆင့်တွေကိုလည်း အဂတိ လိုက်စားမှု ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ အဲ့ဒီ လုပ်ငန်းစဉ်တွေကိုတော့ ပြန်စိစစ်သင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”
လက်ရှိတွင် ခွင့်ပြန်လာသည့် အလုပ်သမားများအနေဖြင့် ခွင့်ကာလ (၁) လထက် ကျော်လွန်နေပါက ပြည်ပ ပြန်ထွက်ရန် အထောက်အထားခိုင်လုံစွာ တင်ပြရမည်ဖြစ်ပြီး၊ သံရုံးထောက်ခံစာ သို့မဟုတ် ခွင့်ပြုစာ လိမ်လည် မှုရှိပါက အမည်မည်းစာရင်း (Blacklist) သွင်းကာ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်မည်ဟု စစ်အုပ်စု ဘက်က မေလ ၄ ရက်နေ့တွင် ထပ်မံထုတ်ပြန် သတိပေးထားသည်။
မြေပြင်အခြေအနေတွင်မူ လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် သတင်းများအရ ရန်ကုန်လေဆိပ်တွင် ပြည်ပပြန်ထွက် မည့် လုပ်သားအချို့သည် VIP အမြန်လမ်းကြောင်းကြေးအဖြစ် ကျပ်သိန်း ၄၀ ခန့်အထိ ပေးဆောင်နေရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ကြောင့် အစိုးရအနေဖြင့် လုပ်သားများထံမှ အခွန်ကောက်ခံရရှိရန်သာ မဟုတ်ဘဲ ၎င်းတို့၏ ရပိုင်ခွင့်နှင့် ဝန်ဆောင်မှုများကိုပါ စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက အလေးအနက် တိုက်တွန်းထားကြသည်။