ငွေလွှဲစည်းမျဉ်းနှင့် အခွန်ကိစ္စများကြောင့် ထိုင်းရောက် မြန်မာလုပ်သားများ အကျပ်တွေ့

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လျှောက်ထားရာတွင် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပြောင်းထားသည့် ၃ လစာ စလစ်ပြသမှသာ ထုတ်ပေးမည်ဟူသော စစ်အုပ်စု၏ တင်းကျပ်သည့် မူဝါဒကြောင့် အကျပ်အတည်း ဖြစ်နေကြသည်။

စစ်အုပ်စု၏ အလုပ်သမားဝန်ကြီးက CI သက်တမ်းတိုးခြင်းနှင့် လျှောက်ထားခြင်းများအတွက် မိသားစုထံ တစ်လလျှင် ဘတ် ၂,၀၀၀ နှုန်းဖြင့် ၃ လစာစုစုပေါင်း ဘတ် ၆,၀၀၀ နှင့် တစ်နှစ်စာ ဝင်ငွေခွန် ဘတ် ၁,၈၀၀ ခန့် ပေးဆောင်ရမည်ဟု ပြောဆိုထားသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အလုပ်သမားများအနေဖြင့် လုပ်ခလစာ ၃ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားကြောင်း အထောက်အထားပြသရန် တောင်းဆိုထားခြင်း ဖြစ်သည်။

သို့သော်လည်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အများစုမှာ ဘာသာစကားနှင့် လုပ်ငန်းခွင် အခက်အခဲများ ကြောင့် မြန်မာလုပ်ငန်းရှင်များထံတွင်သာ လုပ်ကိုင်နေကြရပြီး တစ်လလျှင် ဘတ် ၆,၀၀၀ မှ ၈,၀၀၀ ဝန်းကျင် သာ ရရှိကြသဖြင့် ရပ်တည်ရေးအတွက်ပင် မလောက်ငှဘဲ ဖြစ်နေကြကြောင်း ဆိုသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်တွင် အခြေစိုက်သည့် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ၏ ညွှန် ကြားရေးမှူးချုပ် ဦးထူးချစ်က ယခုကဲ့သို့ လုပ်ငန်းစဉ်မှာ အရှုပ်အထွေးများစွာ ဖြစ်လာနိုင်သည်ဟု သုံးသပ် ပြောဆိုသည်။

“သူတို့ ထုတ်ပြန်တဲ့ မူဝါဒက လုံးဝမရှင်းလင်းဘူးပေါ့နော်။ အခက်အခဲ အများကြီး ရှိနိုင်တယ်။ တစ်ချိန်တည်း မှာပဲ ကျနော်တို့ပြန်ပြီးတော့ ငွေပြန်လွှဲတယ် ဆိုလို့ရှိရင် မြန်မာပြည်ထဲမှာ တချို့ ဒီမှာ ရွှေ့ပြောင်း လုပ်သား တိုင်းက မိသားစုတွေ မြန်မာပြည်ထဲမှာရှိတာ မဟုတ်ဘူး။ နောက်တစ်ခုက ကျနော်တို့ ရွှေ့ပြောင်းလုပ်သား အများစုက ဒီအစိုးရတွေ အဆုံးတရား မထိန်းချုပ်နိုင်တဲ့ နယ်မြေ တွေမှာလည်း အဓိကနေကြတဲ့ အလုပ်သမား တွေ ဖြစ်တယ်။ ဥပမာ မကွေး၊ စစ်ကိုင်း ကျနော်တို့ ကရင်နီတို့ ရခိုင်တို့ပေါ့နော်။ တချို့ ပြည်နယ်တွေကရော အဲ့ဒီလူတွေက ငွေပြန်ပို့ပြီးရင်တော့ သူတို့ ဘယ်လို သုံးကြမလဲ။ အခက်အခဲ အများကြီးပဲ” ဟု ၎င်းက ပြောသည်။

စစ်အုပ်စု၏ အဆိုပါ စည်းမျဉ်း သတ်မှတ်ချက်များသည် မြေပြင်တွင် စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေး လာ ရပြီး လစာဈေးနှိမ်ခံနေရသည့် အခြေခံ မြန်မာလုပ်သားများ၏ လက်ရှိ ရင်ဆိုင်နေရသော စီးပွားရေး အကျပ် အတည်းနှင့် လုံးဝ ကိုက်ညီမှု မရှိကြောင်းလည်း လုပ်သားများက ထောက်ပြကြသည်။

အလားတူ ချင်းမိုင်မြို့တွင် စားပွဲထိုး လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦးကလည်း “လစာကောင်းရင်တော့ သူတို့တောင်းတာတွေက ပေးနိုင်တာပေါ့ဗျာ။ ကျနော်တို့မှာ စစ်မှုထမ်းကြောင့် ပြေးလာရတယ်။ ဘာမှ အထောက်အထား မရှိဘူး။ အဲတော့ ဈေးနှိမ်ခံရတယ်။ ရတဲ့လစာ ဘတ် ၇,၀၀၀ ဆိုတာက တရားမဝင်ဘူး။ ပြောချင်တာက ရတော့တရားမဝင် လစာ။ ဆောင်ရတာက တရားဝင်အခွန်။ ဆောင်ပြီးရင် ဘာဝန်ဆောင်မှု ရသလဲဆို ဘာမှမရဘူး။ ကြားထဲ အိမ်ငှားရတာက ပါသေး” ဟု ပြောသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ CI ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင် ခရိုင်တို့တွင် လည်းကောင်း၊ ရွေ့လျားဝန်ဆောင်မှုယူနစ်ကို ချွန်ဘူရီခရိုင်တွင် လည်းကောင်း အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လုပ်သားများအနေဖြင့် 7-Eleven ဆိုင်များတွင် စာအုပ်ဖိုး ဘတ် ၂,၆၆၀ ပေးသွင်းကာ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

သို့သော် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ထိုင်းအစိုးရထံတွင် ပန်းရောင်ကတ် လုပ်ကိုင်ထားပြီးဖြစ်သဖြင့် အခွန်နှစ်ထပ် ကျခံနေရသကဲ့သို့ ဖြစ်နေပြီး၊ ယခုကဲ့သို့ အခွန်တိုးမြှင့် ကောက်ခံခြင်းမှာ အလုပ်သမားများအကြား အပူပေါ်အပူဆင့်သည့် အခြေအနေကို ဖြစ်စေကြောင်း အလုပ်သမားရေး လှုပ်ရှားသူများက ထောက်ပြကြသည်။

ဦးထူးချစ်က “ကျနော်တို့ သုတေသန စာတမ်းတွေ လုပ်ပြီးတော့မှ ရွှေ့ပြောင်းလုပ်သားတွေဆီကနေ အခွန်ပဲ ကောက်မယ်။ ပိုက်ဆံ ပြန်ပို့ခိုင်းမယ်။ အဲလိုမလုပ်ဘဲနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဘယ်လိုမျိုး အလုပ် သမား အခွင့်အရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ ဘယ်လိုမျိုး ဝန်ဆောင်မှု ပေးမလဲဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။ အဲ့ဒါကို ရှင်းရှင်းလင်းလင်းနဲ့ အစိုးရရဲ့ တာဝန်ယူဖို့ တာဝန်ခံဖို့ကို အေးဆေး ရှင်းပြပြီး တော့မှပဲ ဒီလုပ်ငန်းတွေက အကောင်အထည်ဖော်လို့ ရနိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဆက်ပြောသည်။

လက်ရှိတွင် CI နှင့် ပတ်စ်ပို့ သက်တမ်းတိုးခြင်းဆိုင်ရာ အခက်အခဲများကြောင့် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အကြား ပန်းရောင်ကတ် တစ်ခုတည်းဖြင့်သာ ဆက်လက် နေထိုင်သွားရန် ဆွေးနွေးပြောဆိုမှုများ ရှိနေပြီး အခွန်တိုးမြှင့် ကောက်ခံမှုများကြောင့် အကျပ်အတည်း ပိုမိုဆိုးရွားလာနေကြောင်း ဆိုသည်။

ဓါတ်ပုံ – Crd