Pink Card အစီအစဉ်အတွက် စာရင်းသွင်းပုံစံ၊ ဆောင်ရွက်မည့်နေရာနှင့် သတိပြုရန် လမ်းညွှန်ချက်များ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် Pink Card (ပန်းရောင်ကတ်) ပြုလုပ်ပေးမည့် အထူးအစီအစဉ်ကို ယခုရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်ပါသည်။
ယခင်နေ့က စတင်စာရင်းပေးသွင်းမည့်ရက်နှင့် ကုန်ကျစရိတ်များအကြောင်းကို တင်ပြခဲ့ပြီးနောက်၊ ယနေ့တွင် မည်သို့စာရင်းသွင်းရမည် နှင့် မည်သည့်နေရာများတွင် ဆောင်ရွက်ပေးမည် ဆိုသည့် အရေးကြီး လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါသည်။
Pink Card လျှောက်ထားရန် စာရင်းပေးသွင်းနည်း (၂) မျိုး
Pink Card လျှောက်ထားလိုသူများသည် အဓိကအားဖြင့် နည်းလမ်းနှစ်မျိုးဖြင့် စတင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
၁။ အလုပ်ရှင်မှ ကိုယ်စားပြု အစုလိုက် စာရင်းသွင်းခြင်း အလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်ရှင်များမှ တစ်ဆင့် စာရင်းပေးသွင်းခြင်းသည် အလွယ်ကူဆုံးနည်းလမ်း ဖြစ်သည်။
အလုပ်ရှင်များသည် ၎င်းတို့၏ ဝန်ထမ်းများ၊ အလုပ်သမားများကို ကိုယ်စားပြု၍ ထိုင်း အလုပ်သမားဝန်ကြီးဌာန (သို့မဟုတ်) သတ်မှတ်ထားသော ဌာနဆိုင်ရာရုံးများ တွင် စာရင်းပေးသွင်းပေးရမည် ဖြစ်သည်။
၂။ အွန်လိုင်းမှတစ်ဆင့် စာရင်းကြိုသွင်းခြင်း နောက်တစ်နည်းမှာ အလုပ်သမားများအနေဖြင့် သတ်မှတ်ထား သော အွန်လိုင်း ပလက်ဖောင်း သို့မဟုတ် ဖုန်းနံပါတ်များ မှတစ်ဆင့် မိမိတို့၏ အချက်အလက်များကို တင်ပြကာ စာရင်းကြိုသွင်းခြင်း စနစ် ဖြစ်သည်။
သို့သော် ဤနည်းလမ်းကို အသုံးပြုရာတွင် အလုပ်သမားများအနေဖြင့် နည်းပညာဆိုင်ရာ အခက်အခဲများ (စမတ်ဖုန်းနှင့် အင်တာနက် အသုံးပြုမှု) နှင့် ဘာသာစကား အခက်အခဲ များ ရှိနိုင်သည်ကို သတိပြုသင့်သည်။
Pink Card ဝန်ဆောင်မှု ဆောင်ရွက်ပေးမည့် နေရာများ
Pink Card ပြုလုပ်ခြင်း လုပ်ငန်းစဉ်များကို အဓိကအားဖြင့် နေရာနှစ်မျိုးခွဲ၍ ဆောင်ရွက်ပေးသွားမည်သည်။
၁။ အစိုးရဌာနဆိုင်ရာရုံးများ ထိုင်းနိုင်ငံရှိ လဝကရုံး (လူဝင်မှုကြီးကြပ်ရေးရုံး) သို့မဟုတ် ခရိုင်အုပ်ချုပ်ရေးရုံးများ တွင် သတ်မှတ်ထားသော ရက်များအတွင်း Pink Card လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
၂။ One Stop Service (OSS) စင်တာများ အလုပ်သမား အရေအတွက် များပြားသော ပြည်နယ်များတွင်မူ “တစ်နေရာတည်း ဝန်ဆောင်မှုစင်တာ” (OSS) များကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။
ဤစင်တာများတွင် Pink Card လျှောက်လွှာတင်သွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပြုလုပ်ခြင်း တို့ကို အလုပ်သမားများ အချိန်မကုန်ဘဲ အပြီးစီး ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါသည်။
အရေးကြီးသည့် သတိပေးချက်
Pink Card လုပ်ငန်းစဉ်အတွက် အချိန်ကန့်သတ်ချက် သတ်မှတ်ထားခြင်းကြောင့် အလုပ်သမားများအနေဖြင့် သတ်မှတ်ရက် မကုန်ဆုံးမီ စောစီးစွာ စာရင်းပေးသွင်းရန် အထူးလိုအပ်ပါသည်။