ထိုင်းတောင်ပိုင်း ခရိုင်သုံးခုတွင် တစ်ညတည်း တိုက်ခိုက်မှု ၅၀ ကျော် ဖြစ်ပွား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။ 

စနေနေ့ညပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝတ် (Narathiwat)၊ ယလာ (Yala) နှင့် ပတ္ထနီ (Pattani) ခရိုင်တို့တွင် မီးရှို့မှုနှင့် ဖောက်ခွဲမှု စုစုပေါင်း ၅၁ မှု ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်း၌ ဖော်ပြထားသည်။ 

နရာသီဝတ် ပြည်နယ်တွင် လမ်းဘေး ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။  

ထို့အပြင် အစိုးရရုံးများ၊ မော်တော်ယာဉ်များ၊ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ရထားလမ်းအချို့ မီးလောင်ပျက်စီးခဲ့သည့်အတွက် နရာသီဝတ် ပြည်နယ်တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရသည်။

ထိုင်း အမှတ် (၄) စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုရာသစ် (Norathip Poyanok) က အဆိုပါ တိုက်ခိုက်မှုများသည် အာဏာပိုင်များ၏ မူးယစ်ဆေးဝါးနှင့် မှောင်ခိုကွန်ရက်များအား ဆက်တိုက် နှိမ်နင်းမှုအပေါ် တန်ပြန် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။ 

တရားမဝင် စီးပွားရေး လုပ်ငန်းများသည် သောင်းကျန်းသူ အဖွဲ့များ၏ အဓိက ဘဏ္ဍာရေး လမ်းကြောင်း ဖြစ်ပြီး၊ ပြီးခဲ့သည့် ရက်ပိုင်းက ဘတ် ၁၈ သန်းကျော်တန် မှောင်ခိုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ အမြောက်အမြား သိမ်းဆည်းရမိခဲ့သဖြင့် ဘဏ္ဍာရေး ထိခိုက်သွားသူများက တုံ့ပြန်ခြင်း ဖြစ်သည်ဟု ထိုင်းစစ်တပ်က ဆိုသည်။ 

ထို့ပြင် စစ်ရဟတ်ယာဉ်ပေါ်မှ ပြည်သူများကို ပစ်ခတ်ခဲ့သည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ဘဲ နယ်မြေစိုးမိုးရေး ကင်းလှည့်ရာတွင်သာ ရဟတ်ယာဉ်နှင့် ဒရုန်းများကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းထားသည်။ 

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် ထိုင်းနိုင်ငံတွင် မလေးရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အဆိုပါ တောင်ပိုင်း ခရိုင်သုံးခု၌ မွတ်စလင်ဦးရေ အများဆုံး နေထိုင်ကြပြီး နယ်မြေခံ လူထုများက ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလျက်ရှိကာ အချို့အဖွဲ့အစည်းများမှာ လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။

#Narathiwat #Pattani #Yala