ပန်းရောင်ကတ် လုပ်ငန်းစဉ် ရွှေ့ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။
ထိုင်းနိုင်ငံတွင် တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား တရားဝင် မှတ်ပုံတင်ပေးရန် စီစဉ်ထား ပန်းရောင်ကတ်အသစ် လုပ်ပေးမည့် အစီအစဉ် E-Work Permit စနစ်ကို ခေတ္တ ရပ်ဆိုင်းလိုက်သည်။
ထိုင်းနယ်စပ် မတည်ငြိမ်မှုကြောင့် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂ သန်း မှတ်ပုံတင်မည့် အစီအစဉ် ရုတ် တရက် ရပ်ဆိုင်းထားလိုက်ကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာန (DOE) က အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
မူလက အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသည့် ဤအစီအစဉ်သည် တစ်ရက်မပြည့်မီမှာပင် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။
ဤသို့ ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့် နိုင်ငံခြားသား အလုပ်သမား (၂) သန်းနီးပါး၏ မျှော်လင့်ချက်များ ပျက်ပြားသွားခဲ့ရသည်။
DOE ၏ ဖော်ပြချက်အရ အစီအစဉ် ရပ်ဆိုင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ လက်ရှိ ထိုင်း-မြန်မာ နယ်စပ် အခြေအနေ မတည်ငြိမ်မှုနှင့် ထိလွယ်ရှလွယ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အလားတူ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသများမှ မတည်ငြိမ်မှုများ သည်လည်း အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုအဖြစ် ပါဝင်နိုင်သည်ဟု ထိုင်းသတင်းများက ဆိုသည်။
နယ်စပ်ဒေသများ၏ ထိလွယ်ရှလွယ် အခြေအနေသည် နိုင်ငံ၏ လုံခြုံရေးနှင့် ရွှေ့ပြောင်းဝင်ရောက်မှုကို စီမံခန့်ခွဲ ရာတွင် ဖိအားဖြစ်စေခဲ့သည်။
DOE က ဤအစီအစဉ် ရပ်ဆိုင်းရခြင်းမှာ ‘လုပ်သားပြဿနာကို ပိုမိုပြည့်စုံအောင် ဖြေရှင်းနိုင်ရန်’ ဟု အကြောင်းပြခဲ့သော်လည်း လေ့လာသူများက မြန်မာနိုင်ငံ နယ်စပ်တိုက်ပွဲများကြောင့် ရွှေ့ပြောင်း အလုပ်သမား များ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံ ဝင်ရောက်လာနိုင်သည့် အခြေအနေကို ထိန်းချုပ်ရန် ကြိုတင် ကာကွယ်သည့် ဆုံးဖြတ်ချက် ဖြစ်နိုင်သည်။
ထို့အပြင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များ: E-Work Permit စနစ်ကို အွန်လိုင်းမှ စတင်ဖွင့်လှစ်ချိန်တွင် နည်းပညာပိုင်းဆိုင်ရာ အဆင်မပြေမှုများ (Errors) များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းစဉ်ကို ရပ်နားကာ စနစ်တကျ ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
အဆိုပါ ရုတ်တရက် ရပ်ဆိုင်းမှုကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများစွာသည် စိုးရိမ်ထိတ်လန့်မှု များနှင့် ရင်ဆိုင်ခဲ့ရသည်။
အလုပ်သမားများသည် မျှော်လင့်ချက်များ ပျက်ပြားသွားပြီး တရားမဝင် အခြေအနေတွင် ဆက်လက် ရှိနေရ ခြင်းကြောင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည့် စိုးရိမ်စိတ်ဖြင့် နေထိုင်အလုပ်လုပ်ကိုင်နေရသည်။
မှတ်ပုံတင်ကြေးနှင့် ဆက်စပ်စရိတ်များအတွက် ကြိုတင်ငွေကြေး စုဆောင်းထားသည့် အလုပ်သမားများသည် ၎င်းတို့၏ စီမံကိန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နှင့်အတူ ငွေကြေးဆိုင်ရာ အခက်အခဲများပါ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ထိုင်းအစိုးရက အစီအစဉ် ပြန်လည်စတင်မည့် အချိန်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အလုပ်သမားများနှင့် အလုပ်ရှင်များအနေဖြင့် နောက်ဆက်တွဲ ကြေညာချက်များကို အနီးကပ် စောင့်ကြည့်နေရန် လိုအပ်ဆဲ ဖြစ်သည်။