ရွေးကောက်ပွဲကို “ဝ” ထောက်ခံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း တရားဝင် ပြောလိုက်သည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် အခမ်းအနားတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဦးညီရမ်းက ၎င်းတို့ ဗဟိုဌာနချုပ်အနေဖြင့်လည်း ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည် ဆိုသည့် သဘောထားကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ဒီရွေးကောက်ပွဲကို ကျနော်တို့ အဖွဲ့အနေနဲ့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ message ကျနော်တို့ ပေးလို ပါတယ်။ တခြားမီဒီယာတွေ တချို့ရေးတာတွေက အဲဒါမမှန်ပါဘူး။ ကျနော်တို့ အဖွဲ့ ‘UWSA’ ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးမှ ကျနော်တို့ အားပေး ထောက်ခံသွားမယ်ဆိုတဲ့ သဘောထားပဲ ကျနော်ပေးလို ပါတယ် ဟု ဦးညီရမ်းက ပြောသည်။

ရှမ်းမြောက်ဒေသနှင့် ပတ်သက်သည့် အခြားကိစ္စရပ်များမှာ တစ်ကဏ္ဍဖြစ်ပြီး၊ ရွေးကောက်ပွဲကို ထောက်ခံခြင်း မှာမူ UWSA ၏ သဘောထားဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

UWSA ၏ လက်ရှိ ရပ်တည်ချက်သည် ယခင် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်များက ရွေးကောက်ပွဲ ကျင်းပခွင့်ကို တောက်လျှောက် ငြင်းဆန်ခဲ့ဖူးသည့် အခြေအနေနှင့် ကွဲလွဲနေသည်။

ထိုစဉ်က UWSA ထိန်းချုပ်နယ်မြေများ ဖြစ်သော ဟိုပန်နှင့် ပန်လုံတို့တွင် ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြု တောင်းဆိုချက်များကို UWSA က ပယ်ချခဲ့သည်။

ထို့ကြောင့် ယခု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ထောက်ခံသော်လည်း၊ ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ပြု၊ မပြု ဆိုသည့် မေးခွန်းများ ကြီးမားနေဆဲဖြစ်သည်။

ဦးညီရမ်းကမူ နယ်မြေအတွင်း ကျင်းပခွင့်ကိစ္စကို ရှင်းရှင်းလင်းလင်း မဖြေကြားခဲ့ပေ။

စိတ်ဝင်စားဖွယ် အချက်မှာ ပြီးခဲ့သည့် စက်တင်ဘာလကပင် UWSA ထိန်းချုပ်ဒေသဖြစ်သည့် ဟိုပန်နှင့် ပန်လုံမြို့များတွင် စစ်ကော်မရှင်က စည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်ခြင်းမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနကို တိုင်ကြားနိုင်ကြောင်း ‘ဝ’ လူငယ့်အသံ က ဖော်ပြခဲ့ဖူးခြင်း ဖြစ်သည်။

စစ်ကော်မရှင်၏ ပထမအသုတ် ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၁၀၂ မြို့နယ် စာရင်းတွင်လည်း UWSA ထိန်းချုပ်ဒေသဖြစ်သည့် ဟိုပန်မြို့နယ်နှင့် အခြားနယ်မြေများ ပါဝင်ခြင်း မရှိသေးပေ။

စစ်ကော်မရှင်က ရွေးကောက်ပွဲများကို အပိုင်းလိုက်ခွဲ၍ လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပ မည်ဟု ထုတ်ပြန်ထားသည်။

UWSA ၏ ယခုကဲ့သို့ ရွေးကောက်ပွဲ အပေါ် ထောက်ခံချက်သည် တရုတ်နိုင်ငံ၏ ဖိအားများကြောင့် ဖြစ်နိုင် ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

UWSA ၏ ယခုရပ်တည်ချက်သည် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနှင့် တော်လှန်ရေး အင်အားစုများ အပေါ် မည်သို့ သက်ရောက်မှုရှိလာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။