အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၅ ရာခိုင်နှုန်းကျော်မှာ အရပ်သားပစ်မှတ်များဖြစ်ဟုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိ ရာ တိုက်ခိုက်မှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်မှာ စစ်ရေးပစ်မှတ်များ မဟုတ်ဘဲ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို တိုက်ရိုက် ဦးတည်နေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေး အဖွဲ့ (MDSI) က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တစ်လတည်းအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၆၁ ခုအထိ ရှိခဲ့ပြီး အကြိမ်ရေအားဖြင့် ၃၄၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေး အဖွဲ့ (MDSI) ၏ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

လေကြောင်းဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာ ဒေသခံ တစ်ဦးက လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ ကျေးရွာက စစ်ရေးနဲ့လည်း ဘာမှ မသက်ဆိုင်ပါဘူး။ ဒါကိုမှ လူအိပ်ချိန် သန်းခေါင်ယံမှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ လာချတာ။ နေ့တိုင်းလိုလို လေယာဉ်သံက ကြားနေရတာမျိုးပါ။ ကျနော်တို့ နန်းကျားရွာကို ဗုံးကျခဲ့လို့ ကိုယ်ဝန်ဆောင် မိခင်ဆေးရုံမှာ ဆုံးသွားခဲ့တာဗျ။ အခုဆိုရင် ဘယ်နေရာမှလည်း လုံခြုံမှု မရှိတော့ပါဘူး။ လူတွေကလည်း ညဘက်ဆိုရင်လည်း ကောင်းကောင်း မအိပ်ရဲကြဘူး။ အချိန်ပြည့် အသံကို သေချာနားထောင်နေရတာ” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ဂျက်တိုက်လေယာဉ် အမျိုးမျိုးအပြင် Mi-35 ရဟတ်ယာဉ်များ၊ Y-12 ထောက်ပို့ လေယာဉ်များ၊ စက်တပ်လေထီး (Gyrocopter) များနှင့် အသေခံဒရုန်းများ အပါအဝင် လေယာဉ်အမျိုးအစား ၈ မျိုးအထိ အလွှာစုံ ပေါင်းစပ်အသုံးပြုခဲ့ကြောင်း MDSI ၏ စာရင်းများက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွက် မကွေး၊ ရှမ်းတဲ၊ တံတားဦးနှင့် နေပြည်တော်ရှိ အဓိက လေတပ် စခန်းများမှနေ၍ တိုက်လေယာဉ်များ အဆက်မပြတ် ပျံသန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်း၊ မင်းတုန်းမြို့ရှိ AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က “မင်းတုန်းကနေ ရခိုင်ရိုးကို တက်ဖို့ စစ်တပ် အင်အား ၃၀၀ လောက်ထပ်ဖြည့်တယ်။ အခုရိုးအနီးတဝိုက်က တပ်တွေပြန်ဆင်းတာ နည်းတယ်။ မြေပြင်ရော လေကြောင်းရောပဲ။ သူတို့ဘက်က အသေ အပျောက်များ တော့ Paramotor လည်း တော်တော်လေး အသုံးပြုလာနေတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ ဤကဲ့သို့ အရပ်သားပစ်မှတ်ထား ဗုံးကြဲမှုများကြောင့် အောက်တိုဘာလ တစ်လအတွင်း အရပ် သားပြည်သူ ၁၄၅ ဦး သေဆုံးခဲ့ပြီး ၃၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့သည် လေကြောင်းဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီး အရပ်သား ထိခိုက်သေဆုံးမှု အမြင့် မားဆုံး ဒေသများ ဖြစ်လာခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်ကို ရင်ဆိုင်နေရသည့် ဒေသခံတစ်ဦးကလည်း “လေယာဉ်ပျံသန်းသံ ကြားတာနဲ့ ရွာထဲက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေဘက် မသွားရဲတော့ဘူး။ လူစုလူဝေးနဲ့ နေလို့ ကို မရဲတာ။ အိမ်တွေမှာလည်း ဗုံးခိုကျင်းတွေ တူးထားကြရတယ်။ သာမန်ပြည်သူတွေပဲ နေ့တိုင်းလိုလို သေဆုံး နေရတာကို ဘယ်သူမှ ကာကွယ်ပေးနိုင်မယ့် အခြေအနေ မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း တိုက်ပွဲအရှိန် ဆက်လက် မြင့်တက်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ ချင်းပြည် တောင်ပိုင်း၊ မကွေး တိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် အရပ်ဘက် နေရာများကို ပစ်မှတ်ထားသော ဗုံးကြဲတိုက်ခိုက်မှုများ နောင်လာမည့်ရက်များတွင်လည်း ပိုမိုများပြားလာနိုင်ကြောင်း MDSI က သတိပေးထားသည်။

ထို့ကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူစည်ကားရာ ဈေးနေရာများ တွင် လေကြောင်းရန် ကြိုတင်သတိပေးစနစ်များ (Early Warning Systems) နှင့် အသိပညာပေးမှုများကို သက် ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအနေဖြင့် အရေးပေါ် တိုးမြှင့်ဆောင်ရွက်ကြရန် အကြံပြု တိုက်တွန်းထား သည်။

ပုံစာ – ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူများ။ – ပုံဟောင်း / ဓာတ်ပုံ – AA Info Desk)